စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အနောက်တောင်ဘက်၊ဇီးချောင်းရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီကနေ့မနက်ပိုင်းကနေစပြီး ရွာတွေကို စစ်ကြောင်းထိုးလာခဲ့တာပါ။
လက်ရှိမှာရွာတွေကို မီးရှို့တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက DNAကို ပြောပါတယ်။
“သုံးအိမ်စုရွာကိုမီးရှို့ နေတယ်ဗျ။ ကျနော်တို့ပြေးနေရတာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကလေးမြို့အနောက်တောင်ဘက် ဇီးချောင်းတစ်ဖက်ကမ်းမှာဆိုရင် သုံးအိမ်စုကျေးရွာ၊လေးအိမ်စု ၊ စီးဇန်၊ မြောင်းဆုံ ၊ နဂါးပွက် အစရှိတဲ့ရွာတွေရှိပြီး သုံးအိမ်စုကျေးရွာဟာ အိမ်ခြေတစ်ရွာလောက်ရှိတဲ့ ရွာလည်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီရက်ပိုင်းမှာရွာတွေကို စစ်ကြောင်းထိုးတာ ၊ စခန်းချတာတွေလုပ်ဆောင်ပြီး အိမ်တွေမှာရှိတဲ့ ဒေသခံတွေရဲ့ပစ္စည်းတွေကို စိတ်ကြိုက်လုယူတာတွေအပြင် ဒေသခံတွေအပေါ် မတရားဖမ်းဆီးတာ၊သတ်ဖြတ်တာတွေပါလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က အခုလိုလုပ်ဆောင်တာတွေကြောင့် ဒေသခံတွေအနေနဲ့ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ အရေအတွက် တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာနေပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။