မြန်မာစစ်တပ် ပြစ်မှုကျူးလွန်နေတာဟာ ပြစ်ဒဏ်မခံရခြင်းနဲ့ သက်ဆိုင်ကြောင်း ကုလသံအမတ်ကြီးပြေ

မြန်မာစစ်တပ်က အတိတ်နဲ့လက်ရှိ ကျူးလွန်နေတဲ့ပြစ်မှုတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ရရှိလာတဲ့ ပြစ်ဒဏ်မခံရခြင်းနဲ့ များစွာသက်ဆိုင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားလိုက်ပါတယ်။
ဇွန်လ ၁၃ ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အလွတ်သဘော အစည်းအဝေးမှာပြောကြားတဲ့ သံအမတ်ကြီးရဲ့ မိန့်ခွန်းထဲ အဲဒီလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပြောကြားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆက်လက်ဆိုးဝါးနေဆဲ ဖြစ်ပြီး၊ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ နေရပ်စွန့်ခွာမှုတွေ ပြုလုပ်စေကာ မြန်မာပြည်သူတွေ ဒုက္ခကြီးစွာခံစားစေဖို့ ဆောင်ရွက်နေသလို လျှို့ဝှက်တရားရုံးတွေက ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ချမှတ်မှု (၂၀၀) ကျော် ပြုလုပ်ခဲ့ကြောင်းဦးကျော်မိုးထွန်းကပြောပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကို အကျင့်သိက္ခာရှိတဲ့ လူမှုအသိုက်အဝန်းအားလုံးက ကန့်ကွက်ရှုတ်ချကြပေမဲ့ တာဝန်ခံမှုမရှိတဲ့ စစ်တပ်ခေါင်းဆောင်အနေနဲ့ အရင်ကကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်မခံရခြင်းကအခုလုပ်ရပ်တွေကို ကျူးလွန် စေကြောင်း ဆိုပါတယ်။
နိုင်ငံအနှံအပြားမှာဖြစ်ပေါ်နေတဲ့ တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့တော်လှန်ရေး ကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် စစ်တပ်ဟာ ပြည်သူတွေကို စစ်ရေးမဟာဗျူဟာအသွင် အကြောင်းမဲ့ ဦးတည်တိုက်ခိုက်နေသလို လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ဆို့ဖို့ စစ်တပ်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဉပဒေကို ချိုးဖောက်မှုဖြစ်ကြောင်းသံအမတ်ကြီးကပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံလူဦးရေရဲ့ တစ်ဝက်ခန့်ဟာ ဆင်းရဲနွမ်းပါးမှုအဆင့်အောက်ကျရောက်နေပြီး မြန်မာပြည်သူ (၁၄.၄) သန်း ဟာ လူသားချင်းစာနာ မှု အကူအညီလိုအပ်နေတဲ့အတွက် အရေးပေါ်အကူအညီလိုအပ်နေ သူတွေထံ နည်းလမ်းအားလုံးအသုံးပြု ကာအကူအညီတွေရောက်ရှိရေးဟာ အထူးအရေးကြီးတယ်လို့ ဆိုပါတယ်။
တရားမဝင် စစ်တပ်အုပ်ချုပ်မှုကို အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ပြည်သူတွေရဲ့ ဒုက္ခတွေကို အချိန်ကြာမြင့်စေမှာဖြစ်သလို စစ်တပ်အုပ်ချုပ်မှု တည်တံ့ဖို့ အထောက်အပံ့ဖြစ်စေမယ့် ကာလတို ဖြေရှင်းမှုနည်းလမ်းအားလုံးဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုသံသရာကို အားပေးရာရောက်ကြောင်း အလေးထားအသိပေးလိုတယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာ ညီညွတ်ပြီး ပြတ်သားတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာတုံပြန်ဆောင်ရွက်မှုလိုအပ် ကြောင်း၊
လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ခံရမှု၊ တာဝန်ခံမှုရှိစေရေးကို ဆောင်ရွက်နိုင်တဲ့ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရည်ရှည်တည်ငြိမ် အေးချမ်းရေးရရှိစေနိုင်ရေးအတွက် အဓိကထိရောက်တဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းလည်းသံအမတ်ကြီးကပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကာင်စီ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် မြန်မာပြည်သူတွေ အထူးလိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့၊ စစ်တပ်ရဲ့ ထပ်မံအကြမ်းဖက်လုပ်ရပ်တွေရပ်တန့်ဖို့၊ တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရေး ကြိုးပမ်းမှုမှာ ကူညီပေးဖို့၊ ဒီမိုကရေစီရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆွေးနွေးဖို့ ၊ ပြစ်မှုကျူးလွန်သူတွေ တာဝန်ခံမှုရှိစေရေး နိုင်ငံတကာကြိုးပမ်းမှုကို ဆက်လက်အားပေးဖို့ ၊ မြန်မာစစ်တပ်ကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် နှစ်နိုင်ငံချင်းနဲ့ နိုင်ငံတကာအလိုက် ချမှတ်ဆောင်ရွက်ဖို့နဲ့ စစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတားဆီးဖို့ ခိုင်ခိုင်မာမာ တိုက်တွန်းလိုကြောင်းသံအမတ်ကြီးက ပြောကြားပါတယ်။