ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးကရွာနှစ်ရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။
ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးမြို့နယ်၊တောကျောင်းလေးရွာနဲ့ ထန်းတောရွာက နေအိမ်အများအ ပြားကို မီးရှို့နေကြောင်း Chaung U Revolution ကထုတ်ပြန်ပါတယ်။
‘တောကျောင်းလေးရွာထဲကို မနေ့ကတည်းက စစ်တပ်က ဝင်မွှေလုယက်ထားပြီးပြီ။မနေ့ကတည်းက ရွာထဲပိတ်မိနေတဲ့ ရွာသားတွေကို ဖမ်းထားတယ်လို့သိရတယ်။ဒီမနက်မီးရှို့တဲ့သတင်းကြားရပေမဲ့ ပိတ်မိ နေတဲ့ရွာသားတွေအခြေအနေတော့မသိရသေးဘူး’လို့ချောင်းဦးမြို့၊တမာမြိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ၁၂ရက်နေ့က အမြင့်ကျေးရွာထဲ သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပါတယ်၊တဆက်တည်းမှာပဲ တောကျောင်းလေးကျေးရွာကို ဝင်ရောက်ခဲ့ပြီး စိတ်ကြိုက်မွှေနှောက်လုယက်ကာ ကျေးရွာအတွင်းပိတ်မိနေတဲ့ ပြည်သူ ၆၀လောက်ကို ဖမ်းဆီးထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက မနေ့ကထုတ်ပြန်ပါတယ်။