အီတလီမှာ ရဟတ်ယာဉ်ပျက်ကျပြီးနောက် လိုက်ပါလာသူအားလုံး သေဆုံး

Photo – AP
အီတလီနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ တောတောင်ထူထပ်တဲ့ဒေသမှာ ရဟတ်ယာဉ်ပျက်ကျပြီး တူရကီလေးဦးနဲ့ လက်ဘနွန် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး အပါအဝင် ရုပ်အလောင်း ၇ ခုကို ဇွန်လ ၁၁ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့ မနက် Mount Cusna တောင်ပေါ်မှာ တောင်တက်သမားတစ်ဦးက ရဟတ်ယာဉ်ပျက်တဲ့နေရာကို တွေ့လို့ သတင်းပေးခဲ့ပြီး ကယ်ဆယ်ရေးသမားတွေကို စေလွှတ်ခဲ့တယ်လို့ လေတပ်ကယ်ဆယ်ရေး ညှိနှိုင်းရေးအဖွဲ့ ဦးဆောင်သူ ဗိုလ်မှူးကြီး Alfonso Cipriano က ပြောပါတယ်။
လေကြောင်းသမားတွေက အခင်းဖြစ်တဲ့နေရာကို အတည်ပြုခဲ့ပြီးနောက် မြေပြင်သမားတွေက ရုပ်အလောင်း ၇ လောင်းကို ရှာတွေ့ရှိခဲ့တာပါ။ ရဟတ်ယာဉ်ဟာ သွားလာရခက်ခဲတဲ့ချိုင့်ဝှမ်းတစ်ခုမှာပျက်ကျခဲ့တာဖြစ်ပြီး သစ်ကိုင်းအချို့ ကျိုးကျပြီး မီးလောင်သွားတယ်လို့ Cipriano က ဆက်ပြောပါတယ်။
 
ရဟတ်ယာဉ်ဟာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက အီတလီနိုင်ငံတောင်ပိုင်းမှာ မုန်တိုင်းတိုက်ခတ်နေချိန် Modena ပြည်နယ်မှာ ပျံသန်းနေရင်း ရေဒါထဲကနေ ပျောက်သွားတာဖြစ်ပါတယ်။
 
ရဟတ်ယာဉ်ပေါ်မှာ တူရကီနိုင်ငံသားလေးဦး၊ လက်ဘနွန်နိုင်ငံသားနှစ်ဦးနဲ့ အီတလီလေယာဉ်မှူးအပါအဝင် လူခုနစ်ဦးလိုက်ပါလာပြီး လူကာမြို့ကနေ ထရီဗစ်ဆိုမြို့မှာရှိတဲ့ တစ်ရှူးစက္ကူထုတ်လုပ်တဲ့စက်ရုံကို သွားရောက်တာလို့ သိရပါတယ်။