ရဲဟာ ငရဲလား၊ ရဲမလား

ဘာမှမကြာသေး။စစ်နဲ့ရဲ ပြဿနာကြီးငယ်တက်ကြကြောင်း ခေတ်သစ်မီဒီယာကနေ ရုပ်သံဖိုင်တက် လာခဲ့တယ်။သတင်းအရ မကွေးလေတပ်က တစ်ရစ်မှမရှိတဲ့စစ်သား မကွေးမြို့၊အမှတ်၂ရဲစခန်းက စခန်းမှူးနဲ့ ဆက်ဆံရေးအဆင်မပြေလို့ဆိုပြီး ရဲစခန်းထဲ လာထိုးကြိတ်တာတဲ့။ဘယ်လောက်ထိအောင် အတင့် ရဲလိုက်လေသလဲ။ ရဲစခန်းထိတစ်ယောက်တည်းလာပြီး ရဲစခန်းရဲ့ အကြီးအမှူးတစ်ယောက်ကို လာထိုးကြိတ်ရဲခြင်းက တလောကလုံးက ဘယ်ရဲကိုမှ ဂရမစိုက်ဘူးဆိုတဲ့အထာ။ ဒါနဲ့လာထိုးတဲ့စစ်သားကို ရဲစခန်းထဲမှာချုပ်ထားပြီး လေတပ်ကိုအကြောင်း ကြား။ အဲဒါကပထမတစ်ပိုင်း။ ထိုးကြိတ်တဲ့အကြောင်းကို သတင်းထောက်က ရေးပြလို့ ဖတ်လိုက်ရတာ။ မေလ ၃၁ ရက်နေ့အဖြစ်အပျက်။
ဒုတိယအပိုင်းကျတော့ ရုပ်သံရိုက်ကူးထားတဲ့အပိုင်းမို့ အဲ့ရုပ်သံဖိုင် ကြည့်ရှုသူအားလုံးက မျက်လုံးနဲ့ တပ်အပ်မြင်ရတာ။ ရုပ်သံဖိုင်စဖွင့်လိုက်တာနဲ့ လက်နှစ်ဖက်ကို နောက်ပြန်လက်ထိပ်ခတ်ခံထားရသူက ထိုင်ခုံ မှာထိုင်နေရင်းနဲ့ ဒေါသတကြီးငေါက်ငမ်းလို့နေတယ်။သူ့ရဲ့ရှေ့ စားပွဲဟိုဘက်ထိပ်မှာက လေပြေလေးနဲ့ ရှင်းပြနေသူ မကွေးရဲတပ်ဖွဲ့စခန်းမှူး။
သူတို့ပြောစကားတွေကိုသေချာလုံးစေ့ပတ်စေ့မကြားရပေမဲ့ လက်ထိပ်ခတ်ခံရသူက စစ်သားမှန်းသိရ တယ်။စခန်းမှူးဆိုသူ ပြန်တမ်းဝင်အရာရှိတစ်ဦးကို အောက်ခြေအဆင့် တစ်ရစ်မှမရှိတဲ့ စစ်သားတစ်ယောက် ရဲ့ ငေါက်ငမ်းခန်း။ကျနော်တို့မြန်မာဗီဒီယိုကားတွေထဲမှာတောင် အခုလိုဇာတ်ဝင်ခန်းမျိုး တစ်ခါမှမကြည့်ခဲ့ဖူး။
သူတို့ရဲ့နံဘေးမှာ မတ်တပ်ရပ်နေတဲ့ အရာရှိရဲမေလို့ ထင်ရသူကို တွေ့ရတယ်။သူကရဲယူနီဖောင်းနဲ့ မတ်တပ်ရပ်ရပ်လျက်။ပြီးတော့ စစ်သားယူနီဖောင်းဝတ်သူ ၂ဦးကိုလည်းတွေ့ရှိ။သူတို့က လေတပ် သားကိုလာထုတ်သူတွေမို့ အရာရှိမဟုတ်တောင် တစ်ရစ်မှမရှိတဲ့ စစ်သားတော့ဟုတ်ဟန်မတူ။
သူတို့စစ်သားက စခန်းမှူးကိုငေါက်ငမ်းနေတဲ့အပေါ် လာထုတ်တဲ့စစ်သားနှစ်ဦးက ဟန့်တားတယ်။ ငေါက်နေတဲ့စစ်သားက သူ့ထက်ရာထူးကြီးတဲ့စစ်သားတွေ ဟန့်နေတာကို ဂရုမစိုက်၊သူပြောချင်ရာကိုသာ စွတ်ပြောနေ တယ်။ကိုယ့်အထက်အရာရှိကိုယ် ဘယ်လောက် ရိုသေလိုက်ပါသလဲ။ကျနော်တို့ကြားခဲ့ဖူးတဲ့ စစ်တပ်ဆိုတာက ရဲနဲ့ဌာနဆိုင်ရာကိုလူမထင်တာမျိုးရှိမယ်။သူတို့ စစ်တပ်ချင်းအထက်အောက်တွေကတော့ အမိန့်နာခံလိုက်တာမှ ပြားလို့။အခုမြင်လိုက်ရတာက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ မင်းအောင် လှိုင်တပ်ပျက်ကြီးမို့လို့ လား။ထားတော့။
ယူနီဖောင်မဝတ်ထားသူတစ်ဦးက လက်ထိပ်လာဖြုတ်လိုက်တာနဲ့ တစ်ပြိုင်နက်မှာပဲ စစ်သားက စခန်းမှူးကို ထိုးတော့တယ်။စခန်းမှူုးခမျာ ထိုင်ခုံပေါ်က လဲကျ၊ဝရုန်းသုန်းကား။ရဲလို့ယူဆရတဲ့ ယူနီဖောင်းမ ဝတ်ထားသူတွေက အဲဒီစစ်သားကို ဝိုင်းဆွမ်းကြီးလောင်းကြရော။အဲဒီမှာ ရုပ်သံဖိုင်က ပြီးသွားတယ်။
သိပ်မကြာခင် နောက်ဆက်တွဲသတင်းတစ်ပုဒ်ကို ထပ်ဖတ်ရပြန်တယ်။မကွေးမြို့အမှတ်(၂) ရဲစခန်းရှိ ရဲအားလုံးနီးပါးကို စစ်တပ်က အချုပ်ခန်းထဲထည့်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း Myanmar Police CDM Channel (MPCC)က ဇွန်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်တယ်။MPCC ဆိုတာက CDM ရဲတွေမို့ သတင်းမမှားနိုင်။စစ်တပ်နဲ့နီးစပ်ပြီး စစ်တပ်ကို ငွေရှာပေးနေသူ နယ်ထိန်းခေါင်းဆောင်ကလွဲ ကျန်ရဲ အားလုံးကို စစ်တပ်အစီအစဉ်နဲ့ အချုပ်ထဲထည့်။သူတို့ဖုန်းတွေအကုန်လုံး သိမ်းဆည်းစစ်ဆေး။ခေတ်သစ်မီဒီ ယာ ဆီ ရောက်သွားတဲ့ရုပ်သံဖိုင်ကိစ္စ။အဲဒီရုပ်သံဖိုင်ကို ဘယ်သူကရိုက်ပြီး ခေတ်သစ်မီဒီယာဆီ ပို့လိုက်တာ လဲ ဆိုတဲ့မေးခွန်းက ရဲတွေကို တစ်စစီဆွဲဖြဲမယ့်ကိန်း။
သေချာတာက ဒီရုပ်သံဖိုင်ကို ရဲတစ်ဦးဦးကရိုက်ကူးထားတာပါ။ခေတ်သစ်မီဒီယာဆီ ပို့ရတာကတော့ မခဲယဉ်းပါဘူး။ခေတ်သစ်မီဒီယာက ဘယ်သူနဲ့မှလည်းသိစရာမလိုပါဘူး။ကိုယ်တိုင် မပို့ရင်တောင် တစ် ယောက်ယောက်ကနေတစ်ဆင့် ခေတ်သစ်မက်ဆင်ဂျာထဲ လှမ်းပို့ပြီး အကျိုးအကြောင်းပြောပြလိုက်ရင် ရောက်တာပါပဲ။ဆိုလိုတာက ခေတ်သစ်မီဒီယာနဲ့ ပုံမှန်ဆက်ဆံရေးရှိစရာမလိုဘဲဘယ်သူမဆို အလွယ်တကူ ပို့လို့ရတာကိုပါ။ဒါပေမဲ့ စစ်တပ်ကပြဿနာရှာချင်တော့ ခေတ်သစ်မီဒီယာနဲ့ ပုံမှန်ဆက်ဆံရေးရှိနေတဲ့ ပုံစံမျိုး ၊စစ်အုပ်စုသတင်းတွေကို တောက်လျှောက်ပေးပို့နေသူ ဖရဲသီးပုံစံမျိုး ပုံကြီးချဲ့လိုက်တယ်။မကွေး(၂)ရဲတွေက တစ်ရစ်မှမရှိတဲ့ကောင်စခန်းမှာလာစော်ကားတာလည်း ခံရသေး၊နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ခံရသေး၊ပြီးတော့ ထောင်ထဲရောက် ဘဝပျက်မယ့်အနေအထား။စစ်သားဆိုတာက သူတို့ချင်း ဇာတ်တူသားစားဖို့ ဝန်မလေးတဲ့ ကောင်တွေ။ထား။ ဘာ့ကြောင့်အဲဒီရုပ်သံဖိုင် ပို့ရတာလဲဆိုတဲ့မေးခွန်းကိုခြုံဖြေရရင်တော့ စစ်သားတွေရဲ့ မောက်မာရိုင်းစိုင်းမှုကို မကျေနပ်လို့ ပို့လိုက်တာလို့ ဖြေရမှာပါပဲ။ စစ်တပ်ရဲ့ အဲဒီလိုမောက်မာရိုင်းစိုင်းလိုက်ပုံက အခုမှမဟုတ်ဘူး။ ဟိုး…အရင် ရှေးနှစ်များစွာကတည်း ကဖြစ်တယ်။’မင်းတို့လို မြို့ထဲရွာထဲတွေမှာ နှပ်နေရတာမျိုးမ ဟုတ် ဘူး။ငါတို့က တိုင်းပြည်အတွက် ရှေ့တန်း ထွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်နေကြ တာ’ဆိုတဲ့ အ ချိုး မျိုး က ဟိုးနှစ်တော်တော်ကြာကတည်းက စစ်တပ်ထဲမှာရှိခဲ့ကြတာ။ပြီးတော့ ငါတို့သည် တခြားဘယ် သူထက်မဆို ပိုမြင့်မြတ်တယ်ဆိုတဲ့အချိုးမျိုးကို လည်း ဆက်ချိုးကြပြန်တယ်။ကိုယ့်ရုပ်ကိုယ်မှန်ထဲကြည့်ပြီး ငါတယ်ချောပါလားဆိုတဲ့ဝမ်းတွင်းရူးစိတ်။သူတို့ ဘာသာ အထက်အောက် အပြန်အလှန်ထည့်ခဲ့တဲ့ဂျင်းတွေ။
ကိုယ့်စားဖို့ ကိုယ်လုပ်တဲ့ဂျင်းဆိုတော့ တကယ့်ကိုနုနုဖတ်ဖတ်လေး။စားကောင်းကောင်းနဲ့စားလိုက် ကြတာ ဘယ်လောက်တောင် မိုးမမြင်လေမမြင်ဖြစ်ကုန်သလဲဆိုတော့ စစ်သားဆိုတာ ဘာမဆိုလုပ်တတ် တယ်ဆိုတဲ့အထိရောက်သွားတယ်။
စစ်တပ်ကထွက်၊အရပ်ဘက် ပြောင်းတော့ စစ်တပ်အငြိမ်းစားလစာရတာအပြင် အရပ်ဖက်မှာလည်း စစ်တပ်ရာထူးထက်ပိုမြင့်တဲ့ရာထူးကို အလိုအလျောက်ရကြတာမို့ မိုးကျရွှေကိုယ်တွေ စင်ပေါ်ကဆိုတာချည်း။ မိုးကျရွှေကိုယ်တွေက မောက်မာတယ်။ရေဗူးပေါက်တာမလိုချင်ဘူးလို့ အော်ဟစ်ကြိမ်းမောင်းတယ်။လာဘ် စားတဲ့နေရာမှာလည်း အရပ်ဖက်ဝန်ထမ်းတွေ လိုက်လို့မမီအောင် ပက်စက်တယ်။စစ်သားတို့ထုံးစံအတိုင်း သူ တို့ပြောသမျှ မျက်နှာတစ်ချက်မပျက်ဘဲခံ။အဘ ဆိုတဲ့အသုံးအနှုန်းကိုလည်း မမေ့မလျော့ မိုးမွှန်အောင်ခေါ်ကြ။
ရဲတွေက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံဆိုပေမဲ့ အကြီးအကဲမှန်သမျှဟာ စစ်သားတွေချည်း ဆိုတော့ စစ်တပ်လက်အောက်ခံသဘောပါပဲ။စစ်သားနဲ့ရဲ လုပ်ငန်းသဘာဝချင်း မတူကြပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထဲ အပေါ်ကနေ စီးထားတာ ရဲလုပ်ငန်းမကျွမ်းကျင်တဲ့စစ်သားတွေချည်းဆိုတော့ ခံရခက်ကြတယ်။ခံရခက်လည်း ကိုယ့်ဘဝကို အချိန်မရွေးချေမွပစ်နိုင်တဲ့သူတွေချည်းမို့ ခေါင်းငုံ့သည်းခံရတယ်။ကြာလာတော့ စစ်သား ဆိုရင် အလိုလို ခေါင်းငုံ့ရကောင်းမှန်းသိသွားသလို စစ်သားဆိုရင် အလိုလိုမုန်းတီးစိတ်ကလည်းရှိနေပြန်တယ်။
ရဲတွေဟာ စစ်တပ်အာဏာသိမ်းကာလတိုင်းမှာ အဲဒီစိတ်နှစ်ခွနဲ့ စစ်သားတွေကို အောင့်ကာနမ်းခဲ့ ရတယ်။စစ်တစ်ပိုင်းဒီမိုကရေစီကာလ NLD အစိုးရလက်ထက်မှာ ရဲတွေဟာ သီးခြားလွတ်လပ်တဲ့ရဲတွေဖြစ် လာဖို့ စိတ်ကူးယဉ်ခွင့်ရခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီစိတ်ကူးယဉ်ခွင့်ရော အရာအားလုံးပါ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်အကုန်ပျောက် ဆုံးခဲ့တယ်။အခု ခေတ်သစ်မီဒီယာမှာ မြင်ရတဲ့ ရုပ်သံဖိုင်က ရဲတလောကလုံးကို မေးခွန်းထုတ်လိုက်တယ်။ရဲ တွေ ဘာလုပ်မှာလဲ။ဒီအတိုင်း ဘာဖြစ်ဖြစ် စစ်တပ်ကလုပ်သမျှ ခံနေကြမှာလား ။ရတဲ့နည်းနဲ့ ကိုယ်တတ်နိုင် သလောက်ဆန့်ကျင်ကာ နွေဦးတော်လှန်ရေးထဲ တနိုင်ပါဝင်ကြမှာလား။
ပြောရရင် စစ်အာဏာရှင်တွေကြီးစိုးတဲ့ခေတ်တိုင်းမှာ ရဲဆိုတာ စစ်တပ် လက်အောက်ခံ အနှိမ်ခံဘ ဝမှာသာ ပြားပြားမှောက်နေရတာ၊NLDအစိုးရလက်ထက်ကျမှသာ လူရာသွင်းခံ ရတာ ရဲတိုင်းသိတဲ့အမှန်တ ရားဖြစ်တယ်။
ကဲ…ရဲတွေ ဘာလုပ်ကြမလဲ။
ထွန်းလင်း