ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး တရုတ်ဝေဖန်

Photo – AP

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချပေးမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်နိုင်ငံကို ဇွန်လ ၁၀ရက်နေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

“ထိုင်ဝမ်ကို လက်နက်ရောင်းချတာဟာ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေး အကျိုးစီးပွားကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်” လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe က စင်္ကာပူ တွေ့ဆုံပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကို ပြောခဲ့တာပါ။

“တရုတ်အစိုးရနဲ့စစ်တပ်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ကြံစည်မှုမှန်သမျှကို ပြတ်ပြတ်သားသား ချေမှုန်းသွားမှာဖြစ်ပြီး အမိမြေ ပြန်လည်ပေါင်းစည်းရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်” လို့ Wei က ဆိုပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကိုသူ့ရဲ့ သင်းကွဲပြည်နယ်တခုအဖြစ်သာ သတ်မှတ်ထားတာကြောင့် တခြားကမ္ဘာ့နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးပြုလုပ်တာ အထူးသဖြင့် အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချတာတွေကို  ဒေါသထွက်လေ့ရှိပါတယ်။

အခုနောက်ဆုံး လက်နက်တင်ပို့မှုမှာ အမေရိကန်ဟာ ထိုင်ဝမ်ရေတပ်သင်္ဘောတွေအတွက် အစိတ်အပိုင်းတွေကို ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၁၂၀ နဲ့ရောင်းချမယ်လို့ ဇွန်လ ၈ရက်နေ့က ကြေညာခဲ့ပါတယ်။

“အမေရိကန်ဟာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ ရေရှည်မူဝါဒကို ကတိကဝတ်ပြုထားပြီး ထိုင်ဝမ် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာ အရေးကြီးပါတယ်၊ လက်ရှိအနေအထားကို တစ်ဖက်သတ် ဆန့်ကျင်ကန့်ကွက်ပြီး ထိုင်ဝမ်အပေါ် မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ လိုတယ်” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က တရုတ်ကို တောင်းဆိုထားပါတယ်။