ကနီမှာ ၂၇ ရက်အတွင်း ဒေသခံ ၇ ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီးသတ်ပြီး အိမ် ၁၀၀၀ ကျော်မီးရှို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂၇ ရက်အတွင်း အကြမ်းဖက်စစ်တပ်က ဒေသခံ ၇ ဦးကို ဖမ်းဆီးသတ်ခဲ့ပြီး လူနေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အတွင်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်း ဘေးဝဲယာနဲ့ ကုန်းတွင်းပိုင်းရွာတွေကို စစ်ကြောင်းထိုးရာမှာ အဲဒီလိုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့နယ် နွေဦတော်လှန်ရေး သပိတ်အင်အားစုက ဒီကနေ့ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ ကနီမြို့အပါအဝင် ကျေးရွာပေါင်း ၄၅ ရွာကို ဝင်ရောက်ခဲ့ပြီး ရွာ ၁၈ ရွာရှိ လူနေအိမ် ၁၀၅၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်၊ ကင်းတောင်ရွာက ၁ ဦး၊ အထက်ကင်းရွာက ၁ ဦး၊ တဇယ်ချောင်ရွာက ၄ ဦး၊ ဒေါင်းခြံရွာက ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ခဲ့ပြီး အဲဒီ ၇ ဦးအနက် တစ်ဦးဟာ အသက် ၁၇ နှစ်သာရှိသေးတဲ့ ကလေးသူငယ်အရွယ် ဖြစ်တယ်လို့ဆိုပါတယ်။
‘အင်မတန်စနစ်ကျတဲ့ မှတ်တမ်းတစ်ခုပါ။ မြို့တိုင်းမှာ ဒီလိုမှတ်တမ်းမျိုးရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါတွေဟာ တစ်ချိန်မှာ စစ်ရာဇဝတ်မှုတွေ ပြန်ဖော်ထုတ်ဖို့ တော်တော်အထောက်အကူပြုပါမယ်။ ဖြစ်နိုင်ရင် ရွာတွေထဲ ဝင်မီးရှို့တဲ့ တပ်ရင်းတွေရဲ့ နာမည်တွေကိုပါ ပြုစုထားနိုင်ရင် သိပ်ကောင်းမယ်’ လို့ မုံရွာမြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ မေ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းအတွင်း အိမ် ၁၃၈၄၀ လုံး မီးရှို့ခံခဲ့ရပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်တယ်လို့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။