ဂန့်ဂေါမြို့နယ်၊ ရဲလှရွာမှာ ဒီမနက်ကစပြီး တိုက်ပွဲဖြစ်

ဇွန်လ ၈ ရက်နေ့ ၊ ဒီနေ့မနက်ကစပြီး ဂန့်ဂေါမြို့နယ်၊ ရဲလှရွာမှာ တိုက်ပွဲတွေ ဖြစ်နေပြီလို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“၇ နာရီလောက်က စပြီးအသံတွေကြားရတာ ၊ နှမ်းခါးရွာဘက်ကဟာတွေကတော့ မနေ့ကကတည်းက စပြီးရှောင်နေကြပြီ၊ မွှေ့လည်လည်း ရှောင်ကြပြီ၊ ရဲလှက နှမ်းခါးနဲ့ မွှေ့လည်ကြားမှာ ရှိတာ။ ဖုန်းတွေလည်း အခုအဆက်အသွယ်ပြတ်နေတယ်၊ ရွာပြင်ထွက်လိုက်တာနဲ့ သေနတ်သံတွေကြားနေရတာ“ လို့ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ အလယ်ရွာသားတဦးက ပြောတာပါ။
စစ်သား၊ ရဲ၊ ပျူစောထီး အင်းအား ၁၅၀ လောက်ပါတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဇွန်လ ၆ ရက်နေ့ကတည်းက တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး ၇ ရက်နေ့မှာ နှမ်းခါးရွာဘက်ကို ချီတက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နှမ်းခါးရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး ဒီနေ့မနက်ပိုင်းမှာ နှမ်းခါးရွာနဲ့ မွေ့လယ်ရွာကြားက ရဲလှရွာအနီးမှာ ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။