ဗုံးပေါက်ကွဲမှုဟာ လှိုင်သာယာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ နဝရတ်လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နံနက် ၆နာရီခန့်မှာ တစ်ကြိမ်နဲ့ အဲ့ဒိပေါက်ကွဲမှုဖြစ် စဥ်ကြောင့် အကြမ်းဖက်စစ်တပ်ရောက်ရှိလာခဲ့တဲ့ ၇နာရီ ၁၅ မိနစ်လောက်မှာ တစ်ကြိမ် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ (၅)ရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။
“မနက်ပိုင်း ၆နာရီလောက်ရှိမယ်။ကျွန်တော်တို့လည်း စျေးဆိုင်အတွက်ပြင်နေတဲ့အချိန်မှာပေါက်တာ။နောက်တော့ စစ်တပ်ကရာက်လာတယ်။သူတို့ရောက်ပြီး မကြာဘူး။နောက်တစ်လုံးပေါက်တာ”လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ပထမတစ်ကြိမ်ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီဗုံးပေါက်ကွဲမှုကို ထွက်ကြည့်ခဲ့တဲ့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့တာဖြစ်တယ်လို့ ပေါက်ကွဲမှုဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံကပြောပါတယ်။
“ပထမ မနက်ပိုင်းပေါက်တဲ့အချိန်မှာ အမျိုးသားတစ်ယောက်ထိသွားတယ်။အစနည်းနည်းစင်ပြီးထိသွားပေါ့။ဒဏ်ရာကအစိုးရိမ်ရပါဘူး။နောက်အမျိုးသမီးနှစ်ယောက်ကတော့ အဲ့ဒါကို ထွက်ကြည့်ကြတာ။အဲဒီမှာ နောက်တစ်လုံးက ကွဲတော့ သူတို့ကိုထိသွားတာ။သူတို့လည်း မစိုးရိမ်ရပါဘူး။နည်းနည်းလောက်ပဲထိသွားတာ”လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
အခုလိုဗုံးပေါက်ကွဲမှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်လာတာမရှိသလို ၊လက်ရှိဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ကင်းစခန်း၊တပ်စွဲရာ နေရာတွေမရှိပဲ အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်လည်း မရှိဘူးလို့ဆိုပါတယ်။