ယူကရိန်းမှာ ရုရှားဗိုလ်ချုပ်ကြီးတဦး သေဆုံးခဲ့တယ်လို့ မော်စကိုနိုင်ငံပိုင်မီဒီယာထုတ်ပြန်

Photo – Reuters

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးသွားတယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာရဲ့ ဇွန်လ ၅ရက်နေ့ဖော်ပြချက်အရ သိရပါတယ်။ အဲဒီသေဆုံးမှုကို မော်စကိုက ထိန်းသိမ်းထားတဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အသေအပျောက်စာရင်းထဲ ထပ်ထည့်လိုက်တယ်လို့ သိရပါတယ်။

သတင်းထောက် Alexander Sladkov က နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး အဲဒီ ဗိုလ်ချုပ် Roman Kutuzov ကို ဘယ်အချိန် ဘယ်နေရာမှာ သေဆုံးခဲ့တယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြထားတာမရှိဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကိုကျူးကျော်စစ် စတင်ချိန်ကစပြီး ရုရှားစစ်သား ၁၃၅၁ ဦး ကျဆုံးခဲ့တယ်လို့ ပြောခဲ့ပေမယ့် မတ်လ ၂၅ ရက်နေ့ကတည်းက ယူကရိန်းမှာ တရားဝင် အသေအပျောက်စာရင်းကို နောက်ဆုံးအခြေနေထိ မဖော်ပြရသေးဘူးလို့ ဆိုပါတယ်။

ရုရှားက ယူကရိန်းမှာ စစ်ရေးကင်းမဲ့ဖို့နဲ့ ရုရှားစကားပြောတဲ့ လူဦးရေကို ခြိမ်းခြောက်နေတဲ့ အမျိုးသားရေးဝါဒီတွေကို ဖယ်ရှားဖို့ အတွက် အထူးစစ်ဆင်ရေးကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ အဲ့ဒါဟာ ယူကရိန်ကို ကျူးကျော်ဖို့ အကြောင်းပြချက်သာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။