စပိန်ဟာ ယူကရိန်းနိုင်ငံကို စစ်ရေးထောက်ပံ့မှု အဆင့်မြှင့်တင်ရာမှာ လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ Leopard တိုက်ပွဲဝင် တင့်ကားတွေကို ထောက်ပံ့ပေးနေတယ်လို့ စပိန်သတင်းစာ El Pais က ဇွန်လ ၅ရက်မှာ အစိုးရသတင်းရင်းမြစ်ကို ကိုးကားဖော်ပြပါတယ်။
ယူကရိန်းစစ်တပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ တင့်ကားအသုံးပြုနည်းလေ့ကျင့်တာတွေကိုလည်း စပိန်က ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ လေ့ကျင့်မှုတွေကို လတ်ဗီးယားနိုင်ငံမှာ ပြုလုပ်သွားမှာပါ။ အဲဒီနေရာမှာ နေတိုးရဲ့ Enhanced Advanced Presence စစ်ဆင်ရေး မူဘောင်အရ စပိန် စစ်သား ၅၀၀ ချထားတယ်လို့ သိရပါတယ်။
စပိန်စစ်တပ်က ပိုပြီးအဆင့်မြင့်တဲ့စနစ်နဲ့ အစားထိုးထားတဲ့ လေယာဉ်ပစ်ဒုံးကျည်တွေကို ကိယက်ဗ်မြို့ကို ပေးပို့ဖို့ အပြီးသတ်လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၁ ရက်နေ့မှာ စပိန်ဝန်ကြီးချုပ် Pedro Sanchez ဟာ ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ Volodymyr Zelenskiy နဲ့ တွေ့ဆုံစဉ် ပိုမိုထောက်ပံ့ပေးဖို့ ကမ်းလှမ်းမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးရှုပ်ထွေးမှုတွေကြောင့် နှောင့်နှေးခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက El Pais ကိုပြောခဲ့ပါတယ်။
လက်ရှိအချိန်အထိ စပိန်က ယူကရိန်းကို ခဲယမ်းမီးကျောက်တွေ၊ တစ်ဦးချင်း ကာကွယ်ရေးပစ္စည်းကိရိယာတွေနဲ့ အပေါ့စားလက်နက်တွေကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။