လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်မှာ”အခြောက် ဆိုပြီး သွေးတိုးမစမ်းနဲ့ခွေးမျိုးပါကန်းမယ်” စာသားချိတ်ဆွဲ

ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပေမယ့် LGBT Community နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေက “အခြောက် ဆိုပြီး သွေးတိုးမစမ်းနဲ့ခွေးမျိုးပါကန်းမယ်” ဆိုတဲ့ စာသားချိတ်ဆွဲခဲ့ပါတယ် ။
ဒီလှုပ်ရှားမှုကို LGBT Community Yangon, SC (Strike), Labour Alliance အဖွဲ့ဝင် CTUM. တွေက ပူးပေါင်းပြီး ဒီကနေ့ ဇွန်၆ ရက် မနက်ပိုင်းက ဗဟန်းမြို့နယ်၊အနောက်ရွှေဂုံတိုင်လမ်း ၊အုပ်လမ်းမှတ်တိုင်အနီးမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရဲတွေရောက်လာပြီး ချိတ်ဆွဲထားတဲ့ စာသားကိုဖြုတ်သိမ်းသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ NLD ပါတီရုံးချုပ်နား သုံးထောင့် ပလပ်ဖောင်းလေ။အဲ့ဒိမှာချိတ်သွားတာ။ကလေးတွေလည်း ချိတ်ပြီးပြန်ထွက်သွားတာ မြန်သွားတယ်။သိပ်မကြာဘူး စစ်တပ်ရောက်လာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်မှာ အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြတာ၊စာတန်းချိတ်ဆွဲတာနဲ့ အာဏာရှင်ဆန့်ကျင်ရေးစာရွက်ဖြန့်ဝေတဲ့ ကမ်ပိန်းလှုပ်ရှားမှုတွေကို အကြမ်းဖက်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာတွေ၊မတရားဖမ်းဆီးတာတွေလုပ်ဆောင်နေပေမယ့် အခုလို လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်စနစ် ရှိနေသမျှ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ နိုင်ငံရေးအကျည်းသားဟောင်းတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့လည်း ဒီလိုစစ်အာဏာရှင်စနစ်ကို မလိုလားခဲ့လို့ UGလုပ်ခဲ့တယ် ။သေဒဏ်ကျခံခဲ့ရတယ်။ဒါပေမယ့် ကျွန်တော်တို့လုပ်ခဲ့တဲ့အချိန်တုန်းက အခုလိုခေတ်မှီနည်းပညာတွေ၊ကူညီထောက်ပံမှုတွေလည်းမရှိခဲ့ဘူး။အတိုချုပ်ပြောရရင် ကျွန်တော်တို့တုန်းက လုပ်ဆောင်မှုဟာ ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။အခုလူငယ်တွေကတော့ အမှန်အတိုင်းပြောရရင် ကျွန်​တော်တို့ထက်ပို့ပြီး ရဲရင့်တယ်။ဒါကြောင့် စကစ အနေနဲ့ ဘယ်လိုအကြမ်းဖက်ဖြိုခွင်းမှုတွေကို လုပ်ဆောင်နေပါစေ။လုံခြုံရေးကို ဒီစနစ်မပျက်သုန်းမခြင်းကဘယ်လောက်တင်းကြပ်ထားပါစေ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရှိနေဦးမှာပဲ”လို့ နအဖ အာဏာရှင်လက်ထက် မြေအောက် လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့လို့ သေဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက​ ပြောပါတယ်။