အတိုက်အခံ ခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်ထုတ်ပြန်

ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ် ကပြောကြားလိုက်ပါတယ်။
အဲဒီ သတင်းထုတ်ပြန်ချက်ဟာ စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြနေကြောင်း နက်ဒ် ပရိုက်စ် က ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေ ရိကန်သံရုံးကဒီကနေ့ထုတ်ပြန်ပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်း အမေရိကန်ပြည်ထောင်စုက တောင်းဆို လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ် ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်ချမှတ်ထားခြင်းအပေါ် အတည်ပြုလိုက်ကြောင်း မကြာသေးမီက ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အဲဒီလိုကွပ်မျက်ဖို့ ဆုံးဖြတ်တဲ့အပေါ် ပြင်သစ်နိုင်ငံကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သလို အဲဒီကွပ်မျက်မယ့်အစီအစဉ်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာလို့ ကုလအတွင်းရေးမှူးချုပ်ကလည်း ဆိုပါတယ်။
ကွပ်မျက်ဖို့ ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးရဲ့ ဇွန်၄ရက်နေ့ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်အုပ်စုကို တရားမဝင်စစ်အစိုးရလို့ သုံးနှုန်းခဲ့ပါတယ်။