လှိုင်ဖိုက်တာ အောင်ကျော်စိုး အမည်မသိ သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်းဒေကြီး၊ လှိုင်မြို့နယ်၊ (၁) ရပ်ကွက်မှာရှိတဲ့ လှိုင်ဖိုက်တာလို့ လူသိများတဲ့ အောင်ကျော်စိုး (ခ) ဖိုးကျော်ကို ဒီကနေ့ဇွန် ၅ ရက်၊ မနက်အစောပိုင်းမှာ အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။
သေနတ်နဲ့ပစ်ခတ်မှု​ကြောင့် လှိုင်ဖိုက်တာလို့ လူသိများတဲ့ အောင်ကျော်စိုး (ခ) ဖိုးကျော်ဟာ သေနတ်ဒဏ်ရာတွေကြောင့် နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ လှိုင် ၁ ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။
“အချိန်က မနက် ၆ နာရီလောက်ရှိမယ်။ သေနတ်နဲ့ပစ်သွားတာ။ မရှိဘူးဆိုရင်တောင် ၃ ချက်၊ ၄ ချက်လောက်ရှိမယ်။ သူလမ်းလျှောက်နေတဲ့နေရာကို ပစ်ခတ်တဲ့သူတွေက စက်ဘီးနဲ့လာပြီး ပစ်သွားတာ။ စစ်တပ်တွေတော့ ရောက်နေတယ်” လို့ အဲဒီဒေသခံကပြောပါတယ်။
အောင်ကျော်စိုး (ခ) ဖိုးကျော်ဟာ ကြံ့ဖွံ့ပါတီဝင်တစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စစ်တပ်သတင်းပေးအဖြစ်လည်း လုပ်ခဲ့တယ်လို့ဆိုပါတယ်။
“သူအလုပ်က ဆောက်လုပ်ရေးလုပ်တယ်လို့တော့ သိတယ်။ အတိအကျတော့ မသိဘူး။ ကြံ့ခိုင်ရေးပါတီဝင်ဆိုတာကတော့ ဟုတ်ပါတယ်။ ကိုတင်လှိုင်နဲ့ တစ်ဖွဲ့တည်းပဲ။နောက်ပိုင်းတော့ သူလည်းတော်တော်လေးငြိမ်သွားတယ်။ကိုတင်လှိုင်က ဒလန်လုပ်လို့ ဆင်ရေတွင်းမီးပွိုင့်မှာ အသတ်ခံခဲ့ရတာ။ အခုတော့ အဲ့လိုတွေဆက်လုပ်လား။ မလုပ်လားတော့မသိဘူး။ အခုတော့ အဲ့လိုအသတ်ခံလိုက်ရတာပေါ့” လို့ လှိုင်မြို့နယ် ဒေသခံက ပြောပါတယ်။
အောင်ကျော်စိုး (ခ) ဖိုးကျော် သေဆုံးပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ မနက် ၈ နာရီလောက်မှာ ရောက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးတာတွေပြုလုပ်ကာ ရုပ်အလောင်းကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အောင်ကျော်စိုး (ခ) ဖိုးကျော် ပတ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာမျိုးတော့ ထုတ်ပြန်တာတွေမရှိသေးပါဘူး။