တနင်္သာရီတိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုနဲ့ စစ်ရေးပဋိပက္ခကြောင့် ၅ လမှာ အရပ်သား ၇၅ ဦးသေဆုံး

၅ လတာ တနင်္သာရီတိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုနဲ့ စစ်ရေးပဋိပက္ခကြောင့် အရပ်သား ၇၅ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း Southern Monitor က ထုတ်ပြန်ပါတယ်။
အဲဒီအရေအတွက်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီကနေ မေလကုန်အထိ Southern Monitor ကစုစည်းထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခတွေအတွင်း စစ်တပ်က ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှုရှိသလို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အရပ်သားပြည်သူတွေအနက် တချို့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့အပြင် လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ်ခြင်းကြောင့် ခရီးသွားပြည်သူတွေနဲ့ အရပ်သားပြည်သူတချို့ သေဆုံးခဲ့ရကြောင်း Southern Monitor ကဆိုပါတယ်။
PDF အဖွဲ့တွေက စစ်သတင်းပေး ဒလန်လို့ စွပ်စွဲခံရသူတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ကြံ့ဖွံ့ပါတီဝင်တွေနဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ တွေ့ရပြီး သူတို့လက်ချက်ဖြစ်ကြောင်းကိုလည်း တရားဝင်ထုတ်ပြန် အသိပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
အခုလပိုင်းအတွင်း ပျူစောထီးနဲ့ သွေးသောက်တွေက NLD ပါတီဝင်နဲ့ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက် သတ်ဖြတ်မှုတွေ တွေ့လာရသလို လောင်းလုံးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း Southern Monitor က ထုတ်ပြန်ပါတယ်။
လက်သည်မပေါ်ဘဲ သေဆုံးမှုတွေလည်းရှိနေပြီး သတင်းအချက်အလက်လက် လှမ်းမမီခြင်းကြောင့် မြေပြင်မှာအခုထက်ပိုပြီး သေဆုံးသူပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။