လောင်းရှည်ဒေသ ကပစ၂၅ မှာ ခရီးသွားပြည်သူတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး အလောင်းဖျောက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသရှိ ကပစ၂၅ စစ်ကြောရေးထဲမှာ ခရီးသွားပြည်သူတစ်ဦးကို ညှင်းပန်းသတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တယ်လို့ သိရပါတယ်။
ကပစ၂၅ က စစ်သားအင်အား ၆၀ လောက်ဟာ ဆောမြို့နယ်၊ ဆီမီးရွာကို မေလ ၃၁ ရက်နေ့က စစ်ကြောင်းထိုး မွှေနှောက်ခဲ့ပြီးနောက် ဆီမီးရွာသားလူငယ် ၃ ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ခရီးသွားပြည်သူတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် ခရီးသွားပြည်သူ ကိုအောင်ကိုလင်း (ခ) ငဘန် ကို ကပစ၂၅ တပ်ထဲမှာ ညှင်းပန်းသတ်ဖြတ်ကာ အလောင်းကို ချက်ချင်းမြေမြှုပ် ဖျောက်ဖျက်ခဲ့တယ်လို့ Laung She Regional People’s Defence Force (LSRPDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးသွားတဲ့ အမျိုးသမီးကို လောင်းရှည်မှာ အကျယ်ချုပ်ထားရှိပြီး ကျန် ၄ ဦးကို ကပစ၂၅ စစ်ကြောရေး ထဲပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
‘ကိုအောင်ကိုလင်းကိုသတ်ပြီး ချက်ချင်းအလောင်းဖျောက်လိုက်တာတော့ ကျွန်တော်တို့မြို့ပေါ်ကလူတွေလည်းကြားပါတယ်။ ကျန်တဲ့ ဆီမီးရွာသားလူငယ်တွေရဲ့ အခြေအနေကိုတော့ အခုထိမကြားသေးဘူး’ လို့ ဆောမြို့နယ်၊ သီရိရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လောင်းရှည် PDF အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ လက်တုန့်ပြန် တိုက်ခိုက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။