ကွင်းကောက်လေ့ကျင့်ရေးတပ် တိုက်ခိုက်ခံရအပြီး ကားလမ်းတလျှောက် စစ်ဆေးရေးတင်းကြပ်နေ

Photo- CJ
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက် အမှတ်(၅) လေ့ကျင့်ရေးတပ်ရင်း စစ်ဆေးရေးဂိတ်ကို မိုင်းပစ်တိုက်ခိုက်ခဲ့တယ်လို့ ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဇွန်လ ၂ရက်နေ့ ည၈နာရီ၁၀မိနစ်ခန့်မှာ စစ်ဆေးရေးဂိတ်ကို ခြေမှုန်းတိုက်ခိုက်ရေး မိုင်းအကြီးစား ၂လုံးခွဲပြီးနောက် စစ်အုပ်စုက ထွက်လာချိန်မှာ အသင့်ပြင်ထားတဲ့ မိုင်းအကြီးစား ၄လုံးကို ထပ်မံခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကွင်းကောက် မြို့ခံတဦးကတော့ ညက ကိုးနာရီ ပတ်ချာလည်လောက်မှာ အသံခပ်အုပ်အုပ်ကြားရတယ် ၊ ဗွက်ရွာထိပ်ဘက်လောက်က ထွက်တဲ့အသံ ၊ လေးချက်လောက်ကြားတယ် ၊ ဒီမနက်ပိုင်းတော့ မြို့ထဲမှာ ပုံမှန်ပဲ ၊ တပ်ဘက်ကလူတွေလည်း ဈေးလာဝယ်တာမျိုးတော့ တွေ့ရတယ် ။ အပြင်မှာတော့ မျှင်ဝါးတောင် နဲ့ တပ်ထိပ်ဘက်မှာ စစ်တပ်ဂိတ်ချပြီး အသွားအလာတွေ စစ်ဆေးနေတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဧရာနဂါးညီနောင် တပ်ဖွဲ့က ဆိုပါတယ်။
DNA ကလည်း ကွင်းကောက်တိုက်နယ်ထဲမှာ ရှိတဲ့ ဆေးရုံတွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ရောက်လာတဲ့ လူနာ မရှိသေးဘူးလို့ သိရပါတယ် ။ဒါပေမယ့် ညက တိုက်ခိုက်မှု ဖြစ်စဉ်အပြီးမှာ တပ်တွင်းကနေ ကားတွေ အဝင်အထွက်များခဲ့ပြီး လူနာတွေကို ဟင်္သာတ ၊ ဒါမှမဟုတ် ပုသိမ် ဆေးရုံကြီးဆီ သယ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံ တဦးက မှတ်ချက်ပေးပါတယ်။
(ပုံအဟောင်းကို အသုံးပြုထားပါတယ်)