မေလအတွင်း ကေအဲန်ယူတပ်မဟာ (၁) မှာ တိုက်ပွဲ ၄၀ ကျော်ဖြစ်ပွား၊ စစ်သား ၇၀ ကျော်သေ

မေလအတွင်း ကေအဲန်ယူ- သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သား ၇၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူ – ဗဟိုက ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ်၊ မေလအတွင်း အာဏာသိမ်းစစ်တပ်-BGF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNDO) တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု(၄၁)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၇၁) ဦးသေ၊ (၅၃) ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကား (၅) စီး ပျက်စီးခဲ့ပါတယ်။
KNLA/KNDO ပူးပေါင်းတပ်ဖွဲ့ဝင် (၁၁) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး ကျဆုံးခဲ့ပါတယ်။
မေလအတွင်း သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေထဲကို စစ်လေယာဉ်နဲ့ (၂) ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ့နေအိမ် (၁၁) လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား (၂) ဦးသေ၊ (၃) ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ငွေ (၂၁၃၀၀၀၀၀) ကျပ် ကိုအဓမ္မ ယူဆောင်သွားခဲ့ပြီး အရပ်သား (၂၄) ဦးကို ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဒေသခံပြည်သူတွေရဲ့ ရော်ဘာခြံ (၃) ခြံ စုစုပေါင်း (၁၃) ဧကကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မေလအတွင်း အရပ်သားပြည်သူတွေရဲ့ ကျွဲနဲ့နွား (၈) ကောင်ကို ပစ်သတ်ခဲ့ပြီး စားသောက်ကုန်နဲ့ အခြားပစ္စည်း အများအပြားကိုလည်း ယူဆောင်၊ ဖျက်ဆီးခဲ့ပါတယ်။