အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကဒီနေ့ရက်စွဲနဲ့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းအပေးအယူပြုလုပ်မှုတွေကို တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံခြင်းမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် ၁၁/၂၀၂၂ ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပြည်သူလူထုထံမှ မတရားသဖြင့်လုယူဖို့ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်တွင် ပြစ်ဒဏ်ချမှတ်ခံရမဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုထံမှတိုက်ရိုက်ဆင်းသက် အပ်နှင်းထားတဲ့ တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိတဲ့အပြင် တိုင်းပြည်ကိုလက်တွေ့ကျကျနိုင်နင်းစွာ အုပ်ချုပ်နိုင်သော အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိတဲ့ တရားမဝင်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်ရဲ့ စစ်မှန်တဲ့ အချုပ်အခြာအာဏာက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုကတရားဝင် အာဏာအပ်နှင်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာသာတည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကအကြမ်းဖက်စစ်ကောင်စီအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ ရက်စွဲနဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) က ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့တဲ့သဘောတူညီမှုဖြစ်တယ် အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့စစ်ကောင်စီက စာချုပ်ဝင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းအပေးအယူပြုနိုင်ခွင့်မရှိတာကြောင့် အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းအပေးအယူပြုလုပ်မှုမှန်သမျှက တရားမဝင်ကြောင်းနဲ့ ထိုဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ယင်းအားဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြု လက်ခံမှာမဟုတ်ကြောင်း အသိပေးကြေညာလိုက်တယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။