UWSP ရဲ့ ဘက်မလိုက်သဘောထား စစ်အုပ်စုကို ထိုးနှက်လိုက်သလိုဖြစ်စေ

စစ်တပ်က အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဘယ်ဘက်ကနေမှ ရပ်တည်မှာမဟုတ်ဘူးလို့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) ရဲ့ ပြောကြားချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ထောက်ခံမှုရယူချင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအတွက် ထိုးနှက်ခံလိုက်ရသလို ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
မေလ ၃၀ ရက်နေ့မှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဌ ဦးလော့ယာကုဦးဆောင်တဲ့ အဖွဲ့ နေပြည်တော်ရောက်လာကာ မင်းအောင်လှိုင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလိုပြောကြားခဲ့တာပါ။
‘မင်းအောင်လှိုင်က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ဒါတွေဟာငါတို့လူတွေဆိုတဲ့ပုံစံမျိုးလူစုတာ။ ‘ဝ’ ကကျတော့ စစ်တပ်ဘက်ကနေ ရပ်တည်မှာမဟုတ်ဘူးလို့ပြောရုံတင်မကဘူး။သူတို့လိုချင်တဲ့ဝပြည်နယ်က ဘယ်လိုမျိုးလဲ ဆိုတာ NUG တို့ NUCC တို့သိအောင် ထုတ်ပြောလိုက်တာ’လို့ နိုင်ငံရေးသုံးသပ်သူကဆိုပါတယ်။
အစိုးရဘက်က ဘယ်သူအုပ်ချုပ်တာဖြစ်စေ၊ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
UWSP အနေနဲ့ နိုင်ငံတော်ကိုပြိုကွဲစေခြင်း၊နိုင်ငံတော်ကနေ ခွဲထွက်ခြင်း လုံးဝပြုလုပ်မှာမဟုတ်ဘူးလို့ ဆိုကာ နိုင်ငံတော်ကာကွယ်ရေးနဲ့ သံတမန်ရေးကလွဲပြီး မိမိကိုယ် မိမိတို့ စီမံအုပ်ချုပ်သွားမယ်လို့လည်း တောင်းဆိုထားပါတယ်။
UWSP ရဲ့တောင်းဆိုမှု သဘောတူညီချက်မရရှိနိုင်ပါက လက်ရှိအနေအထားကို ထိန်းသိမ်းဖို့၊နှစ်ဖက် ပဋိပက္ခတွေကို ရှောင်ရှားဖို့နဲ့ အနာဂတ်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင်ပြေစေရေးအတွက် ငြိမ်းချမ်းရေး ကိုအတတ်နိုင်ဆုံးထိန်းသိမ်းသွားဖို့တောင်းဆိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။