နီပေါလေယာဉ်ပျက်ကျမှုမှာ သေဆုံးသူအားလုံးနီးပါး တွေ့ရှိ

Photo – Reuters

တနင်္ဂနွေနေ့က ဟိမဝန္တာတောင်တန်းမှာပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၂ ဦးထဲက တစ်ဦးကလွဲပြီး ကျန်ရုပ်အလောင်းအားလုံးကို  မေလ ၃၀ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အစိုးရက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။

ဂျာမန် နှစ်ဦး၊ အိန္ဒိယ လေးဦးနဲ့ နီပေါလူမျိုး ၁၆ ဦးတို့ဟာ လေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့ကြတာပါ။ အဲဒီလေယာဉ်ဟာ ခတ္တမန္ဒူမြို့  အနောက်ဘက် ၁၂၅ ကီလိုမီတာ အကွာမှာရှိတဲ့ ပေါ့ခါရာ ခရီးသွားမြို့ကနေ တနင်္ဂနွေမနက်မှာထွက်ခွာခဲ့ပြီး ၁၅ မိနစ်အတွင်းပျက်ကျခဲ့တာလို့ ဆိုပါတယ်။

နီပေါစစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ အမြင့်ပေ ၁၄,၅၀၀ ဝန်းကျင်ရှိ မတ်စောက် တောင်စောင်းတစ်ခုမှာ  ပြန့်ကျဲနေတဲ့အပျက်အစီးတွေထဲကနေ ရုပ်အလောင်း ၂၀ ကို ဆယ်ယူရရှိခဲ့ပါတယ် ။တွေ့ခဲ့ရတဲ့ နောက်ထပ်ရုပ်အလောင်းကို ဆယ်ယူဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့အဖွဲ့ဝင်ငါးဦးပါ ကောင်စီတစ်ခုကို ဖွဲ့စည်းထားပြီး အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံတွေကို အကြံပြုထားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

မြို့တော် ခတ္တမန္ဒူမှာ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက  အလောင်းတွေ  ပြန်သယ်ဖို့ စောင့်ဆိုင်းနေကြပါတယ်။ “ကျွန်မသားအလောင်းကို စောင့်နေတာပါ” လို့ လေယာဉ်မှူးရဲ့ အမေဖြစ်တဲ့ Maniram Pokhrel က ပြောပါတယ်။