ရဲမေ၆၀ကျော် တက်ရောက်ခဲ့တဲ့ KNDF အမျိုးသမီးအထူးတပ်သားသင်တန်း

ဓာတ်ပုံ- KNDF တပ်ရင်း ၅

ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ရဲ့ အမျိုးသမီးအထူးတပ်သား သင်တန်းကို အခုမေလအတွင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ KNDF တပ်ရင်း ၅က ဒီကနေ့ မေလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ရက်သတ္တပတ်ကျော်ကြာမြင့်ခဲ့တဲ့ အမျိုးသမီးအထူးတပ်သားသင်တန်းအတွင်းမှာ ရဲမေ ၆၀ကျော် တက်ရောက်ခဲ့ပြီး သင်တန်းအတွင်းမှာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်ရေးအတွက် စစ်ပညာ၊ ခေါင်းဆောင်မှုသင်တန်းအပြင် ကရင်နီသမိုင်းကြောင်းနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကိုပါ ထည့်သွင်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်း ရဲမေတွေကို စုစည်းပြီး KNDFတပ်ရင်း ၅ အမျိုးသမီးတပ်ခွဲကိုပါ ထပ်မံဖွဲ့စည်းခဲ့ပြီး ဒီတပ်ဖွဲဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေအနက် ပထမဆုံးသော အမျိုးသမီးတပ်ခွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

အခုလို အမျိုးသမီးတပ်ခွဲတစ်ခုကို ဖွဲ့စည်းခဲ့တာဟာ ကရင်နီပြည်နယ်အတွင်း အမျိုးသားတွေနဲ့ တန်းတူ စစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြင့်မားရေးအပြင် အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေနဲ့ ဖိနှိပ်တာတွေမရှိဘဲ ပေးအပ်တဲ့ တာဝန်တွေကို တန်းတူထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးသော ကရင်နီအမျိုးသမီးတပ်ခွဲတစ်ခုကို စတင်တည်ထောင်ခဲ့ပြီဖြစ်ပေမယ့် လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- KNDF တပ်ရင်း ၅