ဓာတ်ပုံ-KNU
KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ တပ်မဟာ(၁) ၊(၃)၊ (၄)၊ (၅)ထိန်းချုပ်နယ်မြေတွေအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNUဗဟိုက ဒီကနေ့ မေလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ်တွေဟာ နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ သထုံခရိုင် တပ်မဟာ (၁)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာခရိုင် တပ်မဟာ (၆)ထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ဘေးရှောင်တွေ ထောင်နဲ့ချီကာ များပြားနေပြီး မိုးဦးရာသီရောက်ရှိလာချိန်မှာ ကျန်းမာရေး၊နေထိုင်ရေး စားဝတ်နေရေးတွေ ခက်ခဲနေခဲ့ပါတယ်။
သွားလာရခက်ခဲတဲ့ တပ်မဟာ (၁)၊ တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ (၅)နယ်မြေတွေမှာ လိုအပ်ချက်တွေ ပိုမိုများပြားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ များစွာလိုအပ်နေတယ်လို့ သိရပါတယ်။