ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင် တိုက်နယ် ရဲစခန်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၇နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ခလယ်-တံခွန်တိုင် တိုက်နယ်ရဲစခန်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုဟာ နန်းသိုင်းထွန်ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နေအိမ်အနောက်ဘက်မှာ ထမင်းချက်နေတဲ့ အသက် ၃၃ နှစ်အရွယ် မဇင်ဦး ဗုံးစထိမှန်ကာ အသက်ဆုံးပါးခဲ့ပြီး နေအိမ်အနီးမှာ ဆော့ကစားနေတဲ့ အသက် ၇ နှစ်အရွယ် သူမရဲ့ သမီးဖြစ်သူ ပါးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို သိရပါတယ်။
“သူကအိမ်အနောက်ဖက် ထမင်းချက်နေတုန်းမှာ အလုံးကြီးကျတော့ ပွဲချင်းပြီးဆုံးသွားတယ်။ သူ့ကလေးလည်း ဒဏ်ရာရလို့ ဆေးရုံကို သွားပို့နေပြီ။ မနေ့ညက တစ်ညလုံးပစ်ကြတယ်။ ဒီမနက်မှာ အလုံးကြီးရော၊ အသေးရော ပစ်ကြ တယ်။ ကလေးက အမေဘာဖြစ်လဲမသိဘူး လှမ်းထွက်အော်လာတော့မှ ကျည်ထိမှန်းသိကြတယ်”လို့ ဒေသခံတစ်ဦးက KIC သတင်းဌာနမှာ ဖြေကြားထားပါတယ်။
ခလယ်-တံခွန်တိုင် တိုက်နယ်ဟာ KNU ဝင်းရေးမြို့နယ်ရဲ့ အုပ်ချုပ်မှုနယ်မြေထဲမှာ ရှိပြီး လွန်ခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNU တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံရွာသား တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။
Source-KIC