ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ မြောက်ကိုရီးယားဟာ သန်းနဲ့ချီတဲ့ မျက်နှာဖုံးတွေ၊ အသက်ရှူစက် တစ်ထောင်နဲ့ ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံကနေ ရုတ်တရက် တင်သွင်းခဲ့တယ်လို့ ဘေဂျင်းက ထုတ်ပြန်တဲ့ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ်က မြောက်ကိုရီယား နိုင်ငံပိုင်မီဒီယာက ကိုဗစ်ရောဂါဖြစ်ပွားမှုကို အတည်ပြု ထုတ်ဖော်ခဲ့ပြီးနောက် ကာကွယ်ဆေး ပြတ်တောက်မှု၊ ဆေးဝါးထောက်ပံ့မှု၊ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
အဲဒီကြေညာချက်မထုတ်ပြန်မီကတည်းက မြောက်ကိုရီးယားဟာ ဆေးဘက်ဆိုင်ရာပစ္စည်းကြိုတင်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ တရုတ်ကုန်သွယ်မှု အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံဟာ သူ့ရဲ့အိမ်နီးနားချင်းနိုင်ငံ မြောက်ကိုရီးယားကို ဒေါ်လာ သုံးသိန်းကျော် တန်ဖိုးရှိ အမည်မသိ ကာကွယ်ဆေးတွေ တင်ပို့ခဲ့တယ်လို့ အခုလအတွင်း ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဇန်နဝါရီလကနေ ဧပြီလအထိ အချက်အလက်အရ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံကနေ နှာခေါင်းစည်း ၁၀သန်းကျော်ကို ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီလေးလအတွင်း တရုတ်နိုင်ငံဟာ သာမိုမီတာ ကိုးသောင်းခွဲ နီးပါးကို တင်ပို့ခဲ့ပြီး ဧပြီလမှာ မြောက်ကိုရီးယားကို တရုတ်ပို့ကုန်စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၉၈ ဒဿမ ၁ သန်းရှိတယ် လို့ ဆိုပါတယ်။
မြောက်ကိုရီးယား Air Koryo လေယာဉ်သုံးစင်းဟာ တရုတ်နိုင်ငံကို ဆိုက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပြုံယမ်းကို ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ပြန်ရောက်လာခဲ့တယ်လို့ သံတမန်သတင်းအရင်းမြစ်တစ်ခုက ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားဟာ ကူးစက်ရောဂါအများစုကြောင့် ကုန်သွယ်မှုအားလုံးနီးပါးအတွက် နယ်စပ်တွေ ပိတ်ထားပြီး မကြာသေးမီကမှ တရုတ်နိုင်ငံက ရိက္ခာနဲ့ကုန်ပစ္စည်းတွေကို ရထား၊ သင်္ဘောတွေနဲ့ တင်သွင်းခွင့်ပြုခဲ့ပါတယ်။