လားရှိုးမြို့မှာ စက်သုံးဆီ ပြတ်လပ်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စက်သုံးဆီပြတ်တောက်နေပြီး ဆီဆိုင်အများစု ယာယီပိတ်သိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၈ရက်နေ့ မနက်ပိုင်းက စတင်ပြီးတော့ ဆီဆိုင်အများစုမှာ 92ဆီ ဝယ်လို့မရတော့ပါဘူး။ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ တစ်ဦး ၃ထောင်ဖိုးအထိသာ ရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
“92တစ်လီတာကို ၂၆၀၀ဖြစ်နေတယ် တစ်ယောက်ကိုမှ ၃ထောင်ဖိုးရောင်းပေးတာဆိုတော့ ဘာမှ လုပ်လို့မရတော့ဘူး၊ အဆင်မပြေဘူး ဆိုင်တွေ အကုန်လုံးလိုလိုပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဧပြီလ ဒုတိယအပတ်က စတင်ကာ မြန်မာနိုင်ငံအတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး စျေးနှုန်းတွေပါ ဆက်တိုက်မြင့်တက်လာနေတာ ဖြစ်ပါတယ်။