ယူကရိန်းမှာ စစ်ကူတိုက်ပြီးပြန်လာတဲ့ တောင်ကိုရီးယားနိုင်ငံသား စုံစမ်းစစ်ဆေးခံရ

Photo – Reuters

ယူကရိန်းနိုင်ငံမှာ စစ်ကူတိုက်ရင်း ဒဏ်ရာရပြီးနောက်ပြန်လာတဲ့ တောင်ကိုရီးယား စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမားတစ်ဦးဟာ မေလ ၂၇ ရက်မှာ အင်ချွန်းလေဆိပ်ကို ပြန်ရောက်လာခဲ့ပါတယ်။

သူဟာ ယူကရိန်းနိုင်ငံကို ခရီးသွားလာခွင့်ဆိုင်ရာ အစိုးရတားမြစ်ချက်ကို ဖီဆန်ပြီး ဥပဒေကို ချိုးဖောက်မိတာကြောင့် စုံစမ်းစစ်ဆေးမှု ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတပ်တွေကို တိုက်ထုတ်ရာမှာ ကူညီဖို့အတွက် ကမ္ဘာတစ်ဝှမ်းက စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမားတွေကို ယူကရိန်းအစိုးရက ဖိတ်ခေါ်ခဲ့တာပါ။

တောင်ကိုရီးယားရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ Rhee Keun လေယာဉ်ပေါ်က ဆင်းချိန်မှာ ရဲတပ်ဖွဲ့ဝင် ၁၀ဦးက သူ့ကိုစောင့်နေပြီး ကိုဗစ်ကာကွယ်ရေးအတွက် ကွာရန်တင်း ၇ရက်ဝင်ရမယ်လို့ပြောကြောင်း သိရပါတယ်။

“ကျွန်တော် စစ်မြေပြင်ကနေ လုံးဝထွက်မလာခဲ့ပေမဲ့ ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့တယ်။ ပြန်သွားချင်တယ်… စစ်ပွဲက မပြီးသေးတဲ့အတွက် လုပ်စရာတွေ အများကြီးရှိပါသေးတယ်” လို့  Rhee လေဆိပ်မှာ ပြောခဲ့ပါတယ်။ Rhee ဟာ ရေတပ် အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ် လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။

ပတ်စ်ပို့အက်ဥပဒေချိုးဖောက်မှုနဲ့ ယူကရိန်းနိုင်ငံကိုသွားပြီးနောက်မကြာမီမှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာပါ။

ယူကရိန်းက ကျွန်တော့ကို နိုင်ငံသားဖြစ်ခွင့် ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆိုခဲ့ပါတယ်။ ဒဏ်ငွေ ဒါမှမဟုတ် တရားခွင်ကို ရှောင်ဖို့ နိုင်ငံသားဖြစ်ခွင့်ယူတာ မှန်ကန်တယ်လို့ ကျွန်‌တော် မထင်ဘူး” လို့ Rhee ကဆိုပါတယ်။

တောင်ကိုရီးယားဟာ သူ့ရဲ့နိုင်ငံသားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ယူကရိန်းကို ဖေဖော်ဝါရီမှာ ခရီးသွားခွင့်ပိတ်ပင်ခဲ့တာပါ။ ဥပဒေအရ တားမြစ်ချက်ကို ဖီဆန်သူတွေဟာ တစ်နှစ်အထိ ထောင်ဒဏ်  ဒဏ်ငွေ ဒါမှမဟုတ် ဝမ် ၁၀သန်း ချမှတ်နိုင်တယ် လို့ ဆိုပါတယ်။