အောင်ချမ်းသာကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက မီးရှို့ဖျက်ဆီ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အောင်ချမ်းသာကျေးရွာမှာရှိတဲ့ ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းကွန်ရက်တွေက ဖော်ပြထားပါတယ်။
မနေ့က မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ တရော်ကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စည်လှောင်တောင်ကို ဖြတ်ကာ အောင်ချမ်းသာကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်အုပ်စုဟာ ဒီနေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာစာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်အုပ်စုဟာ ယမားချောင်းဘက်ကို ဆက်လက်ထွက်ခွာသွားပြီး ယမားချောင်းရေပြည့်နေတာကြောင့် မြရိပ်တောင် တောင်ဘက်ကို ဆက်လက်ထွက်ခွာသွားကာ မြရိပ်၊ မြစ်စိမ်း၊ ရေကြည်ပင်ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသတွင်း သတင်းကွန်ရက်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။
စစ်အုပ်စုဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးနေတာကြောင့် ပြည်သူတွေဟာ မိုးရေထဲမှာ နေအိမ်ကိုစွန့်ခွာပြီး တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။