အမှိုက်ကောက်သမားနဲ့ဈေးသည်အသွင်ယူ မိုင်းနေရာလိုက်ရှာနေသူတွေကို နောက်ဆုံးအကြိမ်သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ အမှိုက်ကောက်သမားနဲ့ ဈေးသည်အသွင်ယူကာ မိုင်းနေရာ လိုက်ရှာနေသူတွေကို သပြေညိုပြောက်ကျားတပ်ဖွဲ့ ကနောက်ဆုံးအကြိမ်သတိပေးလိုက်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ ပြင်ဆင်ထားတဲ့ မုံရွာ-အရာတော် လမ်းပိုင်းရှိ မိုင်းကွင်းနေရာတွေကို အမှိုက်ကောက်သမားနဲ့ ဈေးသည်အသွင်ယူကာ လိုက်လံရှာဖွေပေးနေသူတွေကို နှစ်ကြိမ် ဖမ်းဆီးသတိပေး ပြန်လွှတ်ပေးခဲ့ပေမဲ့ ဆက်လက်လုပ်ဆောင်နေသေးတဲ့အတွက် အခု အပြစ်ပေးအရေးယူတော့မှာဖြစ်ကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။
သူတို့ဟာ ဒလန်ဖြစ်မှန်းမသိဖြစ်နေသူတွေလို့လည်း ဆိုပါတယ်။
‘စစ်တပ်ရဲ့အသုံးချခံ အရပ်သားလက်ကိုင်တုတ်တွေဖြစ်လို့ ဖမ်းဆီးပြီး သတိပေးခဲ့ပါတယ်။ မတော်တဆတွေ့တာမဟုတ်ဘဲ သေချာကို ရှာတဲ့ပုံစံဗျ။ ပြီးရင် ပြန်ရောင်းစားတယ်လို့လည်း သိရတယ်’လို့ သပြေညိုတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
အခု စာထုတ်ပြီးချိန်ကစပြီး ထပ်မံတွေ့ရှိရင် ဒလန်လို့ သတ်မှတ်ပြီး အပြစ်ပေးသွားမယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပုံစာ-အရင်ကဖမ်းဆီးသတိပေးခံရတဲ့သူတွေ