မင်းတပ်မြို့ အရှေ့ပြင် ညတိုက်ပွဲ စစ်သား ၂ ဦးသေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ အရှေ့ပြင်မီးသတ်ကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းတပ် CDF က ညတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၂ ရက်နေ့ ည ၁၀ နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် မင်းတပ် CDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း မင်းတပ် CDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘စစ်သားတွေက စိတ်ဓာတ်ကျဆင်းနေတဲ့ ကောင်တွေချည်းပဲ။ ကင်းကျတဲ့ကောင်တွေလည်း ပြီးစလွယ်ကင်းစောင့်ကြတာပဲဆိုတော့ ညဘက် အလစ်အငိုက်တိုက်ရတာ ပိုကောင်းတာပေါ့။ စစ်ခွေး ၂ ကောင်သေတယ်လို့ အတွင်းသတင်းရောက်လာတယ်’ လို့ မင်းတပ်မြို့၊ စိချဲ့ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ မင်းတပ်မြို့တွင်းက စစ်တပ်ဟာ တိုက်နယ်-၄ ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ၁၁ နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ကာ အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာရရှိပြီး ပြည်သူ့နေအိမ်
၂ လုံးပျက်စီးခဲ့ကြောင်း မင်းတပ် CDF က ထုတ်ပြန်ပါတယ်။