ဒီနေ့မနက် ရွှေကူမှာ အကြမ်ဖက်စစ်တပ် မိုင်း ၆ လုံးထိ၊သေဆုံးဒဏ်ရာရများ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို ရှေ့ထွက်မိုင်း ၆ လုံးနဲ့ ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ် ရာရသူများတယ်လို့ သိရပါတယ်။
အင်အား ၄၀ လောက်ပါတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွေကူမြို့နယ် သင်္ဘောအင်းရွာကနေ မိုးစစ်ရွာဘက်ခြေလျင်ဆုတ်ခွာလာစဉ် မြို့လှ KPDF အရန်ကာကွယ်ရေးတပ်က H-22 လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံးနဲ့ လမ်းခုလတ်မှာ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ PDF ကထုတ်ပြန်ပါတယ်။
မြို့လှ KPDF အရန်တပ်ဖွဲ့က နယ်မြေရှင်းလင်းခဲ့ရာ လက်ထောက်ကျည် (40 – mm) ၁၃ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။
‘အခုရက်ပိုင်းအတွင်း စစ်ခွေးတွေ အင်အားခပ်များများနဲ့ ကသာမြို့နယ်ဝန်းကျင်ကို စစ်ကြောင်းထိုးနေတယ်။ PDF တွေက လက်နက်အားနည်းတဲ့အတွက် ထိတွေ့တိုက်ပွဲမလုပ်နိုင်ပေမဲ့ ကြားဖြတ်တိုက်တာတွေ၊ မိုင်းဆွဲတာတွေနဲ့ တိုက်ပွဲဝင်နေတယ်’ လို့ ကသာမြို့၊ ရပ်ကွက် ၅ နေ ပြည်သူတစ်ဦးကပြောပါတယ်။
အကြမ်ဖက်စစ်တပ်ဟာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ပေါက်ကုန်းရွာဦးကနေတစ်ဆင့် မော်တော်နဲ့ ရွှေကူမြို့ကို သယ်ဆောင်သွားခဲ့တယ်လို့ မြို့လှ PDF က ထုတ်ပြန်ပါတယ်။
ပုံစာ-သိမ်းဆည်းရမိတဲ့ လက်ထောက်ကျည် (40 – mm) ၁၃ လုံး