အနောက်ဘက်ကမ်းဒေသမှာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ပါလက်စတိုင်းလူငယ်တစ်ဦးသေဆုံး

Photo – CNN

ပါလက်စတိုင်းနိုင်ငံ အနောက်ဘက်ကမ်းဒေသရှိ Jenin မြို့မှာ မေလ ၂၁ရက်က အစ္စရေးစစ်တပ် ဝင်ရောက်စီးနင်းမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နယ်မြေစစ်ဆင်ရေးအတွင်း  အစ္စရေးတပ်ဖွဲ့ဝင်တွေကို  မီးလောင်ဗုံးတွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ခတ်တုံ့ပြန်ခံခဲ့ရတယ်လို့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့( IDF) က ဆိုပါတယ်။

 Jenin ဒုက္ခသည်စခန်းအနီးက လမ်းမကြီးတစ်ခုပေါ်မှာ အစ္စရေးစစ်တပ် တပ်ဖွဲ့ရှိနေပြီး အဲဒီတပ်ဖွဲ့နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေအကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေက ဖော်ပြပါတယ်။

Jenin မြို့မှာ လအတော်ကြာ တင်းမာမှုတွေ  မြင့်မားလာခဲ့တာပါ။ Al Jazeera သတင်းထောက် Shireen Abu Akleh ဟာ အစ္စရေးရဲ့စီးနင်းတိုက်ခိုက်မှုကို သတင်းပို့နေစဉ် မေလ ၁၁ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အခုနှစ်အစပိုင်းကတည်းက ပဋိပက္ခတွေအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းလူမျိုး ၅၆ ဦးအနက် ၁၈ ဦးဟာ Jenin မြို့က ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

မတ်လလယ်ကတည်းက ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်ခြမ်းမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ CNN က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။