ရေဦးရွာသား ၂၈ ဦးကို နှိပ်စက်သတ်ဖြတ်ပြီး အလောင်းမီးရှို့ဖျက်ဆီးခဲ့တဲ့ အထောက်အထား အခိုင်အမာ ရရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာက ရွာသား ၂၈ ဦးကို ရက်ရက်စက်စက်နှိပ်စက်ပြီး အလောင်းမီးရှို့ဖျက်ဆီးခဲ့တဲ့ သက်သေအထောက်အထားတွေ အခိုင်အမာရရှိပြီးပြီလို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
မေလ ၁၂ ရက်နေ့က မုန်တိုင်ပင် ရွာသား (၂၈) ဦးကိုအကြမ်းဖက်စစ်တပ်က နှိပ်စက်ပြီး အလောင်းတွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ဖော်ပြပါတယ်။
‘အပြစ်မဲ့ရွာသား အမျိုးသမီး၊ အမျိုးသား သက်ကြီးရွယ်အိုမကျန် မြင်မြင်သမျှကို ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်ပါတယ်။ မသင်္ကာတဲ့အမျိုးသားတွေက အထူးနှိပ်စက်တာ ခံရပါတယ်။ လူတွေကို အတွဲလိုက် အပြင်ခေါ်ထုတ်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ပါတယ်။ အလောင်းကို နေအိမ်တွေမှာတင်ပြီး နေအိမ်နဲ့အတူ မီးရှို့ခံရတာပါ’ လို့ သူကပြောပါတယ်။
မုန်တိုင်ပင်ရွာထဲရှိ ပထမအိမ်တစ်အိမ်မှာ လူ ၆ ဦးတစ်စုကို မီးရှို့သတ်ဖြတ်ထားပြီး နောက်တစ်အိမ်မှာ နောက် ၆ ဦးတစ်စုကို အတန်းလိုက်မီးရှို့ သတ်ဖြတ်ထားပါတယ်။
နောက်ထပ်တစ်အိမ်မှာလည်း နောက်ထပ် ၄ ဦးတစ်စုကို တာယာကွင်းတွေနဲ့ မီးရှို့သတ်ဖြတ်ထားပြီး ဆန်စက်ရှိတဲ့ အိမ်တစ်အိမ်မှာ မီးလောင်ပြာကျနေသူ ၂ ဦးကို ထပ်တွေ့ရတယ်လို့ သိရပါတယ်။
မုန်တိုင်ပင်ရွာအနီးက အင်ပင်ရွာမှာလည်း အိမ်တစ်အိမ်စီမှာ အလောင်း ၅ လောင်းစီနဲ့ အလောင်း ၁၀ လောင်း တွေ့ရှိပြီး အင်ပင်ကျေးရွာသားတွေ ပျောက်ဆုံး,သေဆုံးခြင်းမရှိတဲ့အတွက် မုန်တိုင်ပင်ရွာသားတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
မုန်တိုင်ပင်ရွာက ပြာကျနေတဲ့ အရိုးစုနေရာတွေမှာ အသားစတွေ၊ သွေးကွက်အိုင်တွေ၊ အတွင်းကလီစာတွေနဲ့ လက်ပြန်ကြိုးတုပ်ထားတယ်လို့ ယူဆရတဲ့ နဖားကြိုးအပိုင်းအစတွေ တွေ့ရှိရတယ်လို့လည်း သိရပါတယ်။
စစ်ပွဲကာလအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှု (War Crime) မြောက်တဲ့ နိုင်ငံတကာရာဇဝတ်မှုဖြစ်ပြီး အကြမ်းဖက် ရာဇဝတ်ကောင်တွေကို နိုင်ငံတကာတရားဥပဒေအတိုင်း အရေးယူဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။