ဖယ်ခုံမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်(ကရင်နီ) နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်အုပ်စုက သေဆုံးသူများပြားခဲ့ပြီး ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဖယ်ခုံတပ်ရင်း၂က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၀ရက်နေ့ မနက် ၈နာရီ​လောက်က စတင်ကာ ဖယ်ခုံမြို့နယ် လွယ်ပေါ်ကျေးရွာ၊ နန့်ပေါ်လုံကျေးရွာ ၊နန်းဆွန့်ကျေးရွာတွေအနီးမှာ စစ်အုပ်စုနဲ့ ဖယ်ခုံတပ်ရင်း ၂၊ အလယ်ပိုင်းတိုင်း တိုက်ခိုက်ရေးအဖွဲ့၊ မိုးဗြဲ PDF၊ ကျွဲဂျိုတပ်ခွဲနဲ့၁၀၀၅ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့သလို ဖယ်ခုံတပ်ရင်း ၂က ရဲဘော်တစ်ဦးကျဆုံးကာ ကျွဲဂျို တပ်ခွဲက တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ညနေ ၆နာရီ​လောက်မှာ​တော့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
အဲဒီ​နောက် စစ်အုပ်စုဟာ ညနေ ၆နာရီခွဲ​လောက်က စတင်ပြီး လွယ်ပေါကျေးရွာ၊ နန့်ပေါ်လုံကျေးရွာနဲ့ နန်းဆွန်ကျေးရွာကို အကြမ်းဖက်ဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဖယ်ခုံတပ်ရင်း ၂ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။