ဝက်လက်ရွာတွေက ခိုးလာတဲ့ပစ္စည်းတွေ မော်တော်ပေါ် တင်ကာ အကြမ်းဖက်စစ်တပ် အထက်ကိုဆန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျေးရွာတွေက အကြမ်းဖက်စစ်တပ် ခိုးယူလာတဲ့ပစ္စည်းတွေကိုတင်ကာ မော်တာ်နဲ့အထက်ကို ဆန်တက်သွားကြောင်း သိရပါတယ်။
ကူကြီးနဲ့ သစ်ဆိမ့်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ငါးပတ်ချောင်းရွာက ပစ္စည်းတွေကို ရှာဖွေခိုးယူခဲ့သလိုကူကြီးနဲ့ သစ်ဆိမ့်ရွာက ဆိုင်ကယ်၊ ဆိုလာပြား အစရှိတဲ့ပစ္စည်းတွေကိုလည်း ခိုးယူပြီး မော်တော်ပေါ်တင်နေကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက် ၉ နာရီလောက်မှာ ငါးပတ်ချောင်းရွာကိုရောက်ရှိပြီး PDF တွေ တိုက်ခိုက်မှာကြောက်ကာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
‘စစ်တပ်က ရွာတွေကနေ ပစ္စည်းတွေလုတာ စီးပွားဖြစ်ကိုလုပ်နေကြတာ။ ကိုယ့်ရ ကိုယ်ယူလို့ ထင်ပါတယ်။ ရွာထဲဝင်ရင် အိမ်တွေထဲ အကုန်မွှေနှောက် သူတို့ကြိုက်တာအကုန်ယူပဲ။ ရွာသားတွေက ရွာမီးရှို့မခံရရင် ကံကောင်းလို့ သဘောထားနေကြရတော့တယ်’ လို့ ဝက်လက်မြို့၊၁ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မကျီးသုံးပင်၊ ကုလားမရွာ၊ ရွာသစ်ကုန်းရွာနဲ့ မှတ်ထိရွာတို့ကို မီးရှို့ပြီး လူတစ်ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ကာ အပြန်မှာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။