အရာတော်မှာ ဒဏ်ရာရသေဆုံးသူတွေကို လာသယ်တဲ့ သံချပ်ကာကား ၂ စီး မိုင်းဆွဲခံရ

ဓာတ်ပုံ- မြောက်ပိုင်းတော်လှန်ရေးအင်အားစု
အရာတော်မြို့နယ် ထန်းတောကုန်းကျေးရွာမှာ မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဒရုန်နဲ့ ဗုံးကြဲခံရပြီး သေဆုံး ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို လာသယ်တဲ့ စစ်အုပ်စုရဲ့ သံချပ်ကာကား ၂ စီးနဲ့ စစ်ကား ၁ စီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး နေ့ချင်း သင်္ဂြိုဟ်ခဲ့ရတယ်လို့ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြလာပါတယ်။
မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးဒဏ်ရာရရှိသူတွေကို မနေ့က မေလ ၁၈ ရက်နေ့မှာ သယ်ဖို့ အရာတော်မြို့နယ်အတွင်းကနေ ထွက်လာတဲ့ စစ်အုပ်စုရဲ့ သံချပ်ကာကား ၂ စီးနဲ့ စစ်ကား ၁ စီးကို အပြန်လမ်းမှာ အကျီးကန်ကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုတွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မိုင်းထိမှန်ခဲ့တဲ့ စစ်အုပ်စုဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်လို့ မြောက်ပိုင်းတော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
အရာတော်မြို့ကို ပြန်လည်သယ်ဆောင်သွားတဲ့ သေဆုံး ဒဏ်ရာရရှိသူတွေထဲမှာ ဗိုလ်အဆင့် အရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပြီး မေလ ၁၈ ရက်နေ့ ညနေပိုင်းမှာ တော်လှန်သုဿန်မှာ နေ့ချင်းပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ အရာတော်မြို့ သတင်းမှန်က ဖော်ပြထားပါတယ်။