မနေ့က သေ့ဘော့ဘိုးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Cobra Column က သတင်းထုတ်ပြန်ပါတယ်။
ရန်သူစခန်းကို တက်ရောက်နေချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့လေတပ်က ATR – 42 အမျိုးအစား ကင်းထောက်လေယာဉ် ဝဲပျံနေကာ မှော်ဘီနဲ့ တောင်ငူ လေတပ်စခန်းတွေက အမောင်းသင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား ၂ စီး၊ ဗုံးကြဲလေယာဉ် အမျိုးအစား K-8 လေယာဉ် ၂ စီးနဲ့ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 ၁) စီးတို့နဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းနံဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ သေ့ဘော့ဘိုး စခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့က မေလ (၁၈) ရက်နေ့ နံနက် (၉) နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ (၄) နာရီအချိန်အထိ တိုက်ပွဲချိန် ကြာမြင့်ခဲ့ကာ နေ့လည်ပိုင်းမှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခုအခါ ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ အဲဒီဒေသကို နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေပါတယ်။
အကြမ်းဖက် တပ်သား (၆) ဦးကို အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲဖြစ်ပါတယ်။ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့က တော်လှန်ရေးရဲဘော် (၃) ဦး ကျဆုံးခဲ့ပြီး (၄) ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကနေဦး သိမ်းဆည်းရမိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေက ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း (၁) လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ MG – 3 စက်လတ် (၁) လက်၊ MA – 2 (၄) လက်၊ MA – 3 (၂) လက်၊ MA – 5 (၁) လက် ၊ ၆၀ မမ ဗုံးသီး (၁၀) လုံး၊ ၈၁ မမ (၁၄) လုံး၊ RPG ဗုံးသီး (၄၆) လုံး ယမ်းတောင့် (၁၆) တောင့်၊ တိုက်မိုင်း (၅) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ နင်းမိုင်း အကြီး (၃) လုံး၊ နင်းမိုင်းအသေး (၅) လုံး၊ အချက်ပြ သေနတ် (၂) လက်၊ ဒရုန်း (၁) စီး၊ မှန်ဘီလူး (၂) လက်၊ ကျည်ကာဦးထုတ် (၄) လုံး၊ ကျည်ဘောက် (၂၇) ခု၊ ဆက်သွယ်ရေးစက် TS-2000 (၁) ခု၊ သံလိုက်အိမ်မြှောင် (၁) ခု၊ မြေပုံ (၁) ချပ်၊ မိုင်းရှာစက် (၁) ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ (၁) ခု၊ စက်လတ်ကျည်ခါးပတ်တွဲ (၁) ခု၊ ၅.၅၆ ကျည် (၃၀၀၀) တောင့်ခန့်၊ ၇.၆၂ ကျည် (၄၀၀၀) တောင့်ခန့်၊ အချက်ပြကျည် (၁၀) တောင့်၊ ဆက်သွယ်ရေးစက် အသေး (၁) လုံးနဲ့ ဂျန်မာစက် (၁) လုံးတို့ဖြစ်ပါတယ်။
ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေကို ချမှတ်ထားတဲ့ စည်းမျဉ်း၊ ဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုပေးထားကြောင်း Cobra Column က ထုတ်ပြန်ပါတယ်။