မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးကြီးနယ်ပယ်တော်တော်များများကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိပွန် ဖောင်ဒေးရှင်းဥက္ကဌတို့ ဆွေးနွေးရာမှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifudin Abdullah က နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို မေလ၁၇ရက်ကသူရဲ့ရုံးမှာ လက်ခံတွေ့ဆုံခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
အရပ်သားတွေရဲ့ လုံခြုံရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ပါဝင်ပတ်သက်သူအားလုံးက လိုက်နာကြဖို့ ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလမ်းကြောင်းတွေ ဖန်တီးဖို့ လိုအပ်ကြောင်း စတဲ့ကိစ္စတွေမှာ သဘောတူကြတယ်လို့ ဆိုပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပြီး ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ဂျပန်က အာဆီယံကို ထောက်ခံကြောင်း မစ္စတာဆာဆာကာဝါဆီက ကြားခဲ့ရတာ အားတက်ဖွယ်ရာလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြထားပါတယ်။
အာဆီယံမူ၅ရပ်ကို၂၀၂၁ဧပြီ၂၄ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေ သဘောတူချမှတ်ခဲ့ပြီး မင်းအောင် လှိုင်ကိုယ်တိုင်သဘောတူခဲ့ပြီးနောက် ဒီနေ့ထိတိုင် မဖော်ဆောင်သေးတဲ့အပြင်အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို နေ့စဉ် ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်နေပါတယ်။