မြိုင်မြောက်ပိုင်းရွာနှစ်ရွာ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ အိမ် ၇၀ နီးပါးပျက်စီး၊ ပြည်သူ ၃ ဦးသေ

photo-နွေဦးတော်လှန်ရေး-မြိုင်မြို့
အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ရွာ ၂ ရွာက ဘုန်းကြီးကျောင်းအပါအဝင်အိမ်ခြေ ၇၀ နီးပါး ပျက်စီးခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
မေလ (၁၄) ရက်နေ့က ရွာရှည် (ပိတောက်ကန်) ရွာထဲ အကြမ်းဖက်စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကျရောက်ကာ ကျေးရွာသမရုံးအပါအဝင် အပြစ်မဲ့ပြည်သူတို့ရဲ့ နေအိမ် (၄၅) လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ (၃) ဦး သေဆုံးခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့က ဒီကနေ့ထုတ်ပြန်ပါတယ်။
မေလ (၁၅) ရက်နေ့ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာရှည်(ပိတောက်ကန်)ကျေးရွာက နေအိမ်အလုံး(၂၀) မီးလောင်ပြာကျခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှု တော်တော်များများလည်းရှိတယ်လို့ သိရပါတယ်။
မေလ(၁၃)ရက်နေ့မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တချို့ တောင်ကိုင်းကျေးရွာရှိ ဘုန်းတော်​ကြီးကျောင်းတစ်ကျောင်းရဲ့ ကျောင်းဆောင်ပေါ်ကျရောက်ကာ ကျောင်းဆောင်အမိုးတွေနဲ့ပစ္စည်းတချို့ ပျက်စီးပြီး နေအိမ်(၃)လုံးရဲ့ အမိုး နဲ့ မီးဖိုတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ်တချို့ကိုလည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မွှေနှောက်ကာ နေအိမ်အတွင်းရှိ ပစ္စည်းတွေ ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရွာရှည်(ပိတောက်ကန်)ရွာနဲ့ တောင်ကိုင်းကျေးရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။