အီးယူက ယူကရိန်းအတွက် ယူရိုသန်း ၅၀၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာအထောက်အပံ့တွေပေး

Photo – AFP

အီးယူက ယူကရိန်းကို နောက်ထပ် ယူရို သန်း ၅၀၀ တန် စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ပံ့ပိုးပေးမှာ ဖြစ်တယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

အီးယူရဲ့ ယူရို ၂ ဘီလီယံခန့် အကူအညီနဲ့ တင့်ကား – အမြောက်တွေလို လက်နက်ကြီးတွေအတွက် စစ်ရေး ထောက်ပံ့မှုတွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်လို့ ဂျာမနီနိုင်ငံ မြောက်ပိုင်းမှာ ကျင်းပတဲ့ G7 နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးမှာ Borrell က သတင်းထောက်တွေကို အခုလိုပြောခဲ့တာပါ။

ဒါဟာ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ ရုရှားကို နိုင်ငံတကာရဲ့ အထီးကျန်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေစေပြီး သတင်းမှားတွေကို တုန့်ပြန်ဖို့  ရုရှားကို ပိုဖိအားပေးလိမ့်မယ်လို့  သူကဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က မော်စကိုအပေါ် ဖိအားတွေ တိုးမြင့်လာစေဖို့အတွက် ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးဖို့နဲ့ ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပြီး ယူကရိန်းကို လက်နက်တွေ များများ ပံ့ပိုးပေးတာဟာ  ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိအားတွေ ဆက်လက်ထိန်းထားဖို့ ဒီအချိန်မှာ အလွန်အရေးကြီးပါတယ်” လို့ Truss က ပြောပါတယ်။