ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ကြိုးပမ်းနေမှုမှန်သမျှကို ကန့်ကွက်ကြောင်း ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်စေရေး ရည်ရွယ်ချက်နဲ့ ဥပဒေနဲ့ညီညွတ်ခြင်း လုံးဝမရှိတဲ့ ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ကြိုးပမ်းနေမှု မှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်နယ်/တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများက ဒီကနေ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
ဒါ့ကြောင့် တရားမဝင် ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ကြိုးပမ်းနေမှုကို ကန့်ကွက်နေကြတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အားလုံးကို ထောက်ခံကြောင်းလည်း ဆိုပါတယ်။
‘စစ်အုပ်စုက အာဏာသိမ်းတယ်။ ရွေးကောက်ပွဲရလဒ်ကိုဖျက်တယ်။ သူတို့စိတ်ကြိုက် ပုံဖော်နိုင်မယ့် ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားတယ်။ မင်းအောင်လှိုင်အာဏာအဓွန့်ရှည်ရေးနဲ့ ဒီမိုကရေစီ အရေခြုံ စစ်အာဏာရှင်စနစ်အဓွန့်ရှည်ရေးအတွက် လုပ်နေတာ ရှင်းပါတယ်။ ကျွန်တော်တို့ကလည်း ရှင်းရှင်းလင်းလင်း ကန့်ကွက်ပါတယ်’ လို့ မန္တလေးတိုင်းအတွင်းရှိ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။
ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အဲဒီဖိတ်ခေါ်ချက်အပေါ် ပြတ်ပြတ်သားသား ငြင်းဆန်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နွေဦးတော်လှန်ရေး အင်အားစုအဖြစ် ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အားလုံးကို အထူးလေးစား ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။