အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး မြန်မာ့ အကျပ်အတည်းကိုဖြေရှင်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင်အာဆီယံ အစည်းအဝေးနဲ့ လှုပ်ရှားမှုအားလုံးကနေ မြန်မာစစ်အုပ်စုကို ဖယ်ရှားဖို့ ၊ မြန်မာပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးအတွက် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့၊အာဆီယံရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဘောင်တစ်ရပ်ကို ဖော်ဆောင်ဖို့နဲ့ မြန်မာစစ်တပ်နဲ့သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ၊ စစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးပြဌာန်းဖို့ အတွက် အဖွဲ့ဝင်နိုင်ငံတွေကို တွန်းအားပေးဖို့နဲ့ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတစ်ဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံးဆီ လွှဲပြောင်းဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အခုအချိန်အထိ အာဆီယံရဲ့ တုံ့ပြန်မှုတွေဟာ အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ဆောင်နေတာတွေကို လက်တွေ့ အကူအညီပေး၊ အားပေးအားမြှောက်လုပ်ပြီး ပံ့ပိုးမှုတွေ ပေးနေတာ ဖြစ်တယ်လို့ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
“အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်က မြန်မာ့အကျပ်အတည်းကို လုံးဝ မဖြေရှင်းနိုင်ရုံသာမက ဒီအကျပ် အတည်းကို ဖန်တီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ကိုယ်တိုင် ကြံရာပါပတ်သက်တဲ့ အခြေအနေကို ထိမ်းထား ဖို့ အားပေးနေတာဖြစ်ပါတယ်’လို့လည်းသူကပြောပါတယ်။
အာဆီယံအနေနဲ့ လက်ရှိလမ်းကြောင်းကို ချက်ချင်းပြောင်းဖို့၊ တရားမဝင်မြန်မာစစ်အုပ်စုကို ဖယ်ထုတ်ဖို့နဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့လည်း Justice For Myanmar က တောင်းဆိုပါတယ်။