စျေးသည်တွေဆီကနေ ဆိုင်ကယ်နဲ့ပိုက်ဆံတွေလုယူတဲ့ စစ်သားတစ်ဦးကို PDFတွေဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့မှာ စျေးသည်တွေဆီကနေ ဆိုင်ကယ်၊ဖုန်းနဲ့ ပိုက်ဆံတွေ လုယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဝင် စစ်သားတစ်ဦး PDFတွေက ဖမ်းဆီးရမိခဲ့တယ်လို့ Young Force (UG)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့က မေလ ၁၀ရက်နေ့ ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန် စျေးသည်အချို့က ဆိုင်ကယ်၊ဖုန်းနဲ့ ပိုက်ဆံတွေ လုယူခံခဲ့ရတယ်လို့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။
အဲဒီနောက် Young Force (UG)နဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ချိတ်ဆက်ပြီး လိုက်လံရှာဖွေရာမှာ ပစ္စည်းလုယက်သွားသူ စစ်သားတစ်ဦးကို လုယက်သွားတဲ့ ပစ္စည်းတွေနဲ့အတူတူ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးစစ်ဆေးနေချိန် အဲဒီစစ်သားဟာ ထွက်ပြေးခဲ့တာကြောင့် ရှင်းလင်းခဲ့ရပြီး လုယက်ထားတဲ့ ပစ္စည်းတွေကိုတော့ စျေးသည်တွေဆီ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။