ကျိုက်ထိုမြို့အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုက ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အထက်အင်္ဂဘိုအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက အနီးဝန်းကျင်မှာရှိတဲ့ ခြံစိုက်ပျိုးနေသူ အလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကျိုက်ထို Revolution IR က သတင်းဖော်ပြထားပါတယ်။
ဒီနေ့ မေလ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ အထက်အင်္ဂဘိုအနီးမှာ KNLA တပ်မဟာ (၁) တပ်ရင်း (၃) ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေကိုပါ အသုံးပြုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ အင်္ဂဘိုရွာမကြီးဘက်ကို ထွက်ပြေးခဲ့ကြပြီး စစ်အုပ်စုက အင်္ဂဘိုဒေသမှာရှိတဲ့ ခြံအလုပ်သမားတွေနဲ့ လမ်းသွားလမ်းလာတွေကိုပါ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သိမ်ဇရပ်မြို့နယ် ဇီးပြောင်းဒေသဘက်မှာ အကြမ်းဖက်စစ်အုပ်စုက ထိုးစစ်စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။