အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာ ၃ ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မြေစွန်းရွာ၊ ဆည်သည့်မြင်ရွာနဲ့ ဘိစပ်ကုန်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ရေစကြို သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က မနေ့က ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာပြီး ဖြုံဘူး၊ မိဖုရား၊ ဘိုကုန်း၊ မဲကုန်းနဲ့ဘုန်းတော်ပြည့်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
‘ဒီနေ့ထိကတော့ စစ်ခွေးတွေ ဘယ်ရွာလာမလဲဆိုတာ ရေလယ်ကျွန်း ပြည်သူအကုန်လုံး စောင့်ကြည့်နေကြတယ်။ ကိုယ့်ရွာဘက်လာရင်ပြေးဖို့ လက်ဝတ်လက်စားတွေ တန်ဖိုးရှိတာတွေ ထုတ်ပိုးထားရတယ်။ PDF တွေလည်း ဖြတ်တိုက်တာတွေ မိုင်းဆွဲတာတွေ လုပ်နေတယ်။ ဘယ်ရွာမီးရှို့ခံရမလဲဆိုတာကတော့ ဘယ်သူမှမပြောနိုင်ဘူး’ လို့ ရေစကြိုမြို့ပေါ် ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကြောင်းဟာ မနေ့ညက မြေတော်ရဲစခန်းမှာ သောက်စားမူးယစ်ခဲ့ပြီး ဒီနေ့ မနက် ၈ နာရီ မိနစ်၂၀ လောက်မှာ ဆည်သည်မြင့် ဘုန်းတော်ကြီးကျောင်တွင်း ဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။