ရွှေလှေကျေးရွာနဲ့ ညောင်ရင်းကျေးရွာကို စစ်အုပ်စုကဝင်ရောက်စီးနင်း ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွှေလှေကျေးရွာနဲ့ မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ စစ်ကိုင်းမြို့ သတင်းအမှန်ကဆိုပါတယ်။
ဒီကနေ့ မေလ ၁၁ရက်နေ့ မနက်အစောပိုင်းကစပြီး သဖန်းသာရွာတောင်ဘက် အင်းထဲကနေ ရွှေလှေ၊ တာတိုင်၊ ထားဝယ်တဲကျေးရွာတွေဘက်ကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
ညောင်ရင်းကျေးရွာကို မူးမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရွှေလှေရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စီးနင်းပြီး မူးမြစ်လူကူးတံတားပေါ်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။
စစ်အုပ်စုဟာ ရွှေလှေကျေးရွာ စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားပြီး ဒေသခံပြည်သူ ၃၀ ဦးကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။