မြန်မာစည်ဘီယာ ရောင်းနေတဲ့ မုံရွာမြို့ပေါ်က ဆိုင် ၄ ဆိုင်ကို တိုက်ခိုက်မယ်

စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာရောင်းချနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ဆိုင် ၄ ဆိုင်ကို တိုက်ခိုက်သွားမယ်လို့ တော်လှန်ရေးအင်အားစုမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။
မုံရွာမြို့ပေါ်ရှိ မလေးရှားဘီယာဆိုင်၊ ရွှေပိတောက်ဘီယာဆိုင်၊ ဗိုလ်ချုပ်လမ်း-ဘောလုံးကွင်းတိုက်တန်းက ဘီယာဆိုင်နဲ့ ကန်သာယာအနီး Happy Stars-3 ဘီယာဆိုင်တို့ဟာ မြန်မာစည်ဘီယာရောင်းချနေတာကြောင့် မဟာမိတ်ညီနောင်အဖွဲ့တွေဖြစ်တဲ့ Monywa Heroes Group ၊ Special Forces-11 နဲ့ Monywa Truth Of Force တို့က တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ ကြေညာခဲ့တာပါ။
မုံရွာမြို့၊ ရုံးကြီးရပ်နေ ပြည်သူတစ်ဦးက ‘ဒီလောက်ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်နေတဲ့အချိန်၊ စစ်တပ်ကို ပြည်သူတွေက ဒီလောက်ဆန့်ကျင်နေတဲ့အချိန်မှာ စစ်တပ်ထုတ်တဲ့ ဘီယာကိုရောင်းနေသေးတာ တော်တော် အတင့်ရဲတာပါ။ အဲဒီလောက်အနေအထိုင်မတတ်မှတော့ တစ်ခုခုဖြစ် ရင်ဘယ်ပြည်သူမှ မသနားဘူး’ လို့ ဆိုပါတယ်။
ဒါ့ကြောင့် အဲဒီဘီယာဆိုင်တွေမှာ ရောင်းဝယ်နေသူတွေ၊ သောက်သုံးနေသူတွေရဲ့ အသက်ကို အာမမခံဘူးလို့ လည်း ထုတ်ပြန်ထားပါတယ်။