ချင်းပြည်နယ် မတူပီမြို့ကနေ မင်းတပ်မြို့ဘက်ကို ဆင်းလာတဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ CDF-MINDAT တို့ တိုက်ပွဲပြင်းထန်နေပြီး ရာသီဥတုကလည်း ဆိုးဝါးနေတယ်လို့ CDF-MINDAT က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းမှစတင်ကာ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၅ မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး ရာသီဥတုအခြေအနေနဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲသတင်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
မေလ ၇ ရက်နေ့ မနက်၉နာရီလောက်မှာလည်း CDF-MINDAT အရန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုက တစ်ဦးသေဆုံးခဲ့ပြီး ညနေ ၅ နာရီမှာ မိုင်တိုင် ၃၂ အနီး တိုက်ပွဲအတွင်းမှာလည်း စစ်အုပ်စုတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်မိုင်တိုင် ၃၀ နဲ့ ၃၁ ကြားမှာ CDF-MINDATနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ နေ့လည် ၁၁ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅ ဦးသေဆုံးခဲ့တယ်လို့ CDF-MINDAT က ဆိုပါတယ်။
လက်ရှိရာသီဥတုအခြေအနေဟာ ဆိုးဝါးနေတာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရဲ့ စာရင်းကို တိတိကျကျ ထုတ်ပြန်နိုင်ဖို့ ခက်ခဲနေတယ်လို့ CDF-MINDAT က ဆိုပါတယ်။