စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကားတွေ မိုင်းနှစ်ကြိမ် အဆွဲခံရပြီး အထိနာခဲ့တယ်လို့ သိရပါတယ်။
မေ၈ရက်နေ့ည၁၀နာရီ၁၀မိနစ်လောက်မှာ ရေဦးမြို့ပေါ်ကနေ ခင်ဦးဘက်ထွက်လာတဲ့ အကြမ်းဖက်ကား၃စီး ကို အင်းပတ်ကွေ့မှာ ရှေ့ထွက်မိုင်း၂လုံးနဲ့တိုက်ခိုက်ခဲ့ရာ ကားရပ်သွားပြီး ဘေးပတ်ဝန်းကျင်ကို သေနတ်နဲ့ရမ်း ပစ်ကာ ရေဦးမြို့ဘက် ပြန်မောင်းသွားခဲ့တယ်လို့ Khin U Support Organization-KSO က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
မေလ-၈ရက်နေ့ ည ၇နာရီလောက်ကလည်း ခင်ဦးမြို့နယ် ၊မြင်းကျကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ရေဦးမြို့ဘက်ပြန်လာတဲ့ အကြမ်းဖက်စစ် ကား၃စီးကို အင်းပတ်ကွေ့ အနီး အသင့်ဆင်ထားသော မိုင်း၄လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၂လုံးကွဲပြီး ကားတစ်စီး ထိမှန်ခဲ့ပါတယ်။
မိုင်းထိတဲ့စစ်ကားဟာ ချက်ချင်းမမောင်းနိုင်ဘဲ ခဏရပ်တန့်ပြီးမှ ဆက်မောင်းသွားခဲ့ကာ သေဆုံးထိခိုက် စာရင်းကိုတော့ မသိရသေးဘူးလို့ KSO ကထုတ်ပြန်ပါတယ်။
ခင်ဦးမြို့၊ဆင်ခြေဖုံးရပ်ကွက်တစ်ခုနေ ပရဟိတလူငယ်တစ်ဦးက ညပိုင်းတိုက်ခိုက်ခံရအပြီး ခင်ဦးနဲ့ရေဦးမြို့ ဆေးရုံတွေပေါ် စစ်ကားတွေအဝင်အထွက်ရှိတဲ့အတွက် သေဆုံးဒဏ်ရာရစစ်သားတွေရှိမယ်လို့ ဆိုပါတယ်။
‘မိုင်းက ကားကိုတိုက်ရိုက်ထိတာဆိုတော့ ကျိန်းသေပေါက်သေပါတယ်။ဆေးရုံပေါ် တန်းပြေးတာလည်း နှစ် မြို့စလုံးမှာပဲလို့ ကြားရတယ်။ဘယ်နှယောက်သေသလဲတော့ သတင်းအခိုင်အမာမရသေးဘူး’လို့ သူကပြောပါတယ်။