မင်းအောင်လှိုင်ငြိမ်းချမ်းရေး အပစ်ရပ်၅ဖွဲ့တက်မယ်

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာကို အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၅ဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်။
မေလ၆ရက်နေ့မှာ အပစ်ရပ်အဖွဲ့တွေဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က အွန်လိုင်းအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တစ်ဖွဲ့ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ အဖွဲ့၅ဖွဲ့ကတက် ရောက်မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နဲ့ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) တို့ဟာ မင်းအောင်လှိုင်ငြိမ်းချမ်းရေးကို တက်ရောက်ကြပါမယ်။
မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာပြည်သူတွေ ရှေ့မှောက်မှာ သမိုင်းဝင် ရန်-ငါစည်းခွဲ ခြားပေးလိုက်တာဖြစ်ပြီး အခုတက်ရောက်မယ့်အဖွဲ့၅ဖွဲ့ဟာ အင်အားနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေသာ ဖြစ်တယ်လို့နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။
‘မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းထားတဲ့ကောင် အစိုးရတစ်ရပ်မဟုတ်ဘူး။ငြိမ်းချမ်းရေးဖိတ်ခေါ်နိုင်တဲ့ လုပ်ပိုင်ခွင့်သူ့မှာ မရှိဘူး။ဘာ့ကြောင့်ငြိမ်းချမ်းရေးခေါ်တာလဲဆိုတာ အခုတက်မယ့်၅ဖွဲ့စလုံးသိတယ်။ပြောရရင် ကျွန်တော်တို့ဟာ မင်းအောင်လှိုင်လူတွေပါလို့ အတိအလင်း ကြေညာလိုက်တာပါပဲ။ပြည်သူနဲ့သမိုင်းဝင် သံမဏိလမ်းခွဲပေါ့’လို့ သူကဆိုပါတယ်။
မင်းအောင်လှိုင်က ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးပို့ဖို့ ပြောထားပါတယ်။